ငွေကြေးအတွက် သောကရောက်ရခြင်းမှာ မန်နေဂျာများကြောင့်ဖြစ်ကြောင်း ဂျွန်နီဒက်ပ် ပြစ်တင်ဝေဖန်

ငွေကြေးအတွက် သောကရောက်ရခြင်းမှာ မန်နေဂျာများကြောင့်ဖြစ်ကြောင်း ဂျွန်နီဒက်ပ် ပြစ်တင်ဝေဖန်

နာမည်ကျော် မင်းသားဂျွန်နီဒက်ပ်က ငွေရေးကြေးရေးအတွက် သောကရောက်ရခြင်းမှာ ဖောဖောသီသီသုံးစွဲ တတ်သော သူ၏နေမှုထိုင်မှု ပုံစံကြောင့်မဟုတ်ဘဲ သူ၏ စီးပွားရေးမန်နေဂျာဟောင်းများကြောင့် ဖြစ်ကြောင်း အခိုင်အမာပြောကြားခဲ့သည်။

“ကျနော် နှစ်ပေါင်းများစွာကြာအောင် အလုပ်တွေကို အလွန့်အလွန် ကြိုးစားလုပ်ကိုင်ခဲ့ပါတယ်။ ပြီးတော့ ကျနော်လူအများကြီးကို ယုံကြည်ခဲ့မိပါတယ်။ တချို့သော သူတွေကတော့ ကျနော့်ကို စိတ်ပျက်ရအောင် လုပ်ခဲ့ ကြပါတယ်” ဟု မင်းသားက Wall Street ဂျာနယ်သို့ ပြောကြားခဲ့သည်။

လွန်ခဲ့သော ဇန်နဝါရီလက မင်းသားကြီး ဂျွန်နီဒက်ပ်သည် သူ၏ စီမံခန့်ခွဲရေးအဖွဲ့ကို ငွေကြေးလိမ်လည်မှု နှင့် ပေါ့ဆမှုအတွက် အမေရိကန်ဒေါ်လာ ၂၅သန်း ပေးလျော်ရန် တရားစွဲဆိုခဲ့သည်။

ထိုအဖွဲ့ကလည်း တန်ပြန်တရားစွဲဆိုခြင်းဖြင့် တုံ့ပြန်ခဲ့ပြီး ယခုလိုငွေကြေးပြသနာများ ကြံုတွေ့နေရခြင်းမှာ တစ်လလျှင် ဒေါ်လာ ၂သန်းခန့် ဖြုန်းတီးသော သူ၏ နေမှုထိုင်မှုပုံစံကြောင့်ဖြစ်ကြောင်း ပြောဆိုခဲ့ကြသည်။

ထိုကိစ္စနှင့်ပက်သက်၍ လူသိရှင်ကြား ပထမဦးဆုံး မှတ်ချက်ပေးခဲ့သော ဒက်ပ်က အသုံးဖြုန်းကြီးသောကြောင့် အကြွေးနစ်နေရသည်ဆိုသော အချက်အား ငြင်းဆန်ခဲ့သည်။

သို့သော်လည်း စျေးဝယ်ထွက်ရသည်ကို နှစ်သက်သော အလေ့အကျင့်ရှိသည့် မင်းသားကြီးက “ဒါတွေဟာ ကျနော့်ငွေတွေပါ။ အကယ်၍ ကျနော်တစ်နေ့ကို ၀ါဂွမ်းလုံးလေးတွေ ၁၅၀၀၀ လောက်ဝယ်ပစ်မည်ဆိုရင်လည်း ဒါဟာ ကျနော့်ကိစ္စပဲဖြစ်ပါတယ်” ဟု ပြောခဲ့သည်။

အသက် ၅၃နှစ်အရွယ်ရှိ ဒက်ပ်က ထိုစီမံခန့်ခွဲရေးအဖွဲ့၏ အကိုင်အတွယ်မတတ်မှုကြောင့် သူသည် အကြွေး ဒေါ်လာသန်း ၄၀ ကျော်ခန့် တင်ရှိနေရကြောင်း စွပ်စွဲခဲ့သည်။

ဒါ့အပြင်သူက LA စီးပွားရေးလုပ်ငန်းသည် သူ၏ အခွန်အခများကို အချိန်မီပေးဆောင်ဖို့ ပျက်ကွက်ခဲ့ကြောင်း နှင့် သူ့ကိုယ်စား အတိုးများသော ချေးငွေများ ထုတ်ယူသုံးစွဲခဲ့ခြင်းရှိကြောင်း စွပ်စွဲခဲ့သည်။

Ref: BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly