မူလနေရပ်ကို ပြန်ဖို့ ကမန်တိုင်းရင်းသားတွေ အခက်ခဲရှိနေဆဲ

မူလနေရပ်ကို ပြန်ဖို့ ကမန်တိုင်းရင်းသားတွေ အခက်ခဲရှိနေဆဲ

စစ်တွေ၊ ဧပြီ ၂၇ ရက်။      ။ ရခိုင်ပြည်နယ်ဆိုင်ရာအကြံပေးကော်မရှင်ရဲ့ မတ်လအတွင်းက ထုတ်ပြန်ခဲ့တဲ့ ကြားဖြတ် အစီရင်ခံစာအရ ရခိုင်ပြည်နယ်အတွင်းက ကမန်တိုင်းရင်းသားတွေကို မူလနေရာတွေမှာ ပြန်လည်နေရာချထားရေးနဲ့ ပတ်သက်ပြီး အစိုးရအဖွဲ့က အကောင်ထည်ဖော်ဆောင်ရွက်မှုတွေအပေါ် ကမန်အမျိုးသားတိုးတက်ရေးပါတီ ဒုဥက္ကဋ္ဌ ဦးလှတိုးကို RiA သတင်းထောက် ကိုမင်းမင်းက ဆက်သွယ်မေးမြန်းထားတာ ဖြစ်ပါတယ်။

M2/RiA။ ။ ဦးလှတိုးခင်ဗျား။ ၂၀၁၂ ခုနှစ် ရခိုင်ပဋိပက္ခစတင်ချိန်ကတည်းကနေ နေရပ်က တိမ်းရှောင်နေခဲ့ရတဲ့ ကမန်တိုင်းရင်းသားတွေကို ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်ကော်မရှင်ရဲ့ ကြားဖြတ်အစီရင်ခံစာအရ မူလနေရပ်တွေမှာ ပြန်လည်နေရာချထားပေးရေး အစီစဉ်တွေ စတင်ဆောင်ရွက်နေပြီလို့လည်း ကြားသိရပါတယ်။ တစ်ဘက်မှာ ဒီလိုဆောင်ရွက်ချက်တွေအတွင်း အားနည်းချက်တွေရှိနေတယ်လို့ ကမန်တိုင်းရင်းသားတွေဘက်က ဝေဖန်မှုတွေ ရှိနေပါတယ်။ ဆိုတော့ ဘယ်လိုအားနည်းချက်တွေရှိနေသလဲဆိုတာ တိတိကျကျလေး ရှင်းပြပေးပါလား ခင်ဗျား။

UHT/Kaman Party။ ။ အားနည်းချက်တွေ ရှိတယ်ဆိုတာက ယခင် ဦးသိန်းစိန် အစိုးရလက်ထက်မှာ ရခိုင်ပြည်နယ် ဝန်ကြီးချူပ်နဲ့ လေးကြိမ်တိုင်တိုင် တွေ့ဆုံပြီးတော့ ကမန်တွေရဲ့ နေရာပြန်လည်ချထားရေးကို တောင်းဆိုခဲ့ဖူးပါတယ်။ ဒါပေမဲ့ ထိထိရောက်ရောက် အဆင်မပြေခဲ့ဘူးပေါ့။ ဒါက အားနည်းချက်တစ်ခုပေါ့။ နောက်တစ်ခါ ကျွန်တော်တို့ ရခိုင်ပြည်နယ်မှာ နေရာချထားရေးအပြင် နိုင်ငံသားစိစစ်ရေး ကတ်ပြားရရှိရေး၊ နောက်တစ်ခါ သွားရေးလာရေးကလည်း အကန့်အသတ်တွေ ရှိနေဆဲပါ။ ကတ်ပြားတွေ ပေးတာ ရှိပေမဲ့လည်း ပြန်လည်နေရာချထားရေးက ဒီနေ့ချိန်ထိ အဆင်မပြေနိုင်သေးပါ။

M2/RiA။ ။ ကျွန်တော်တို့ သိရသလောက် မစ္စတာ ကိုဖီအာနန်ရဲ့ ကော်မရှင်က ကြားဖြတ်အစီရင်ခံစာမှာလည်း ထည့်သွင်းဖော်ပြထားတာ ရှိပါတယ်။ ရမ်းဗြဲဘက်မှာ ရှိနေတဲ့ ကမန်တွေ အပါအဝင် ပြန်လည် နေရာချထားရေးကိစ္စကို အကောင်ထည်ဖော်ဖို့ အကြံပြုထားတာပါ။ ရခိုင်ပြည်နယ်အစိုးရကလည်းပဲ ဒီကိစ္စကို စတင် အကောင်ထည် ဖော်နေပြီလို့လည်း ကြားသိရပါတယ်။ ဒါ့အပြင် မနေ့က ဧပြီ ၂၆ ရက်နေ့ကလည်း သတင်းစာရှင်းလင်းပွဲတစ်ရပ် ကမန်တိုင်းရင်းသားတွေဘက်က ပြုလုပ်ခဲ့တာ ရှိပါတယ်။ အဲဒီမှာ ရခိုင်ပြည်နယ် ရမ်းဗြဲမြို့က ဒေသခံ ကမန်တိုင်းရင်းသားတွေဟာ ဘိုးဘွားပိုင် မူလပိုင်မြေနေရာမှာ ပြန်လည်နေ ထိုင်ခွင့်ရရှိရေးနဲ့ ကမန်တိုင်းရင်းသားတွေကို ရန်ကုန်မြို့မှာ နေထိုင်နိုင်အောင် အစိုးရအနေနဲ့ စီစဉ်ပေးဖို့ တောင်းဆိုခဲ့တာလည်း သိရပါတယ်။

UHT/Kaman Party။ ။ အားနည်းချက်ကတော့ ယခင် အစိုးရလက်ထက်ကတည်းက အကြိမ်ကြိမ် တောင်းဆိုခဲ့ ပေမယ့်လည်း နေရာချထားရေးက ဖြစ်မလာဘူး။ လက်ရှိအစိုးရလက်ထက်မှာတော့ ထပ်ပြီး ကိုဖီအာနန် ဦးဆောင်တဲ့ ကော်မရှင်က ရမ်းဗြဲမှာ ပြန်လည်နေရာချထားပေးရေးကိစ္စကို ပြောသွားတာ ရှိပါတယ်။ ဒါပေမယ့် စစ်တွေဘက်ကို ထည့်သွင်းပြောကြားခဲ့တာ မရှိဘူးပေါ့။ စစ်တွေမှာလည်းပဲ ၂၀၁၂ ခုနှစ်မှာ အိမ်ခြေ ၁၃၀ ကျော်လောက် ဆုံးရှုံးခဲ့ရတယ်။ တစ်ချို့ဆို ထွက်ပြေးပြီး စွန့်ခွာသွားတယ်။ တစ်ချို့က မီးရှို့ဖျက်ဆီးခံရတယ်။ တစ်ချို့က ဖျက်ဆီးခံရတယ်ပေါ့။ ဒီလိုမျိုးက စစ်တွေမှာသက်သက် ၁၃၆ အိမ်ခြေနီးပါးလောက် ရှိတယ်။ ဒါတွေကိုတော့ ကော်မရှင် အစီရင်ခံမှာ မတွေ့ရပါဘူး။ အမှန်ကတော့ အဓိက စစ်တွေ၊ ရမ်းဗြဲ၊ ကျောက်ဖြူ စတဲ့ ၃ မြို့မှာ တော်တော်များများ ဆုံးရှုံးသွားခဲ့ရပါတယ်။ အစီရင်ခံစာမှာတော့ ရမ်းဗြဲမြို့ တစ်ခုတည်း ထည့်သွင်းဖော်ပြထားတာ တွေ့ရပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ ယူဆတာကတော့ ပြန်လည်နေရာချထားရေးကိစ္စကို လက်ရှိ အစိုးရလက်ထက်မှာ စစ်တွေဘက်မှာလည်း ထပ်ပြီးတော့ ဆက်လုပ်ပေးဖို့ ယူဆပါတယ်။

M2/RiA။ ။ ဟုတ်ကဲ့ပါ။ ကြားဖြတ်အစီရင်ခံစာအရကတော့ အဓိက နေရာ ၃ ခုက ဒုက္ခသည်စခန်းတွေပါ။ အထူးသဖြင့် ကမန်တိုင်းရင်းသားတွေလို့ ဆိုနိုင်ပါတယ်။ အဲဒီထဲမှာမှ ရမ်းဗြဲမြို့နယ်က ကမန်လူမျိုး မိသားစု ၅၅ စုလောက်ကို သူတို့ မူလနေရပ်ကို စွန့်ပြီး IDP ဒုက္ခသည်စခန်းတွေမှာ နေထိုင်ကြတာကို တွေ့ရပါတယ်။ ဆိုတော့ သူတို့အတွက် မူလနေရပ်ကို ပြန်လာဖို့ အကောင်ထည်ဖော် ဆောင်ရွက်တဲ့အခါ အားနည်းချက် ရှိတယ်ဆိုရင် အဲဒီအားနည်းချက်က ဘာလဲဆိုတာသာ ရှင်းရှင်းလင်းလင်း ပြောကြားပေးစေချင်ပါတယ်။

UHT/Kaman Party။ ။ ပြန်လာဖို့ အားနည်းချက်ရှိတယ်ဆိုတာက တစ်ချို့တစ်ချို့က ပြည်မကို ပြောင်းရွေ့လာသူတွေ ရှိပါတယ်။ ရန်ကုန်၊ မန္တလေး အစရှိတဲ့ထဲ ရန်ကုန်မှာတော့ များတယ်ပေါ့။ ပြောင်းရွေ့လာသူတွေ။ သို့သော် အစိုးရက မူလနေရာစီစဉ်ပေးရင်တော့ အားလုံးက ပြန်ပြီး သွားဖို့ ဆန္ဒရှိပါတယ်။ ဒါပေမဲ့ တစ်ဘက်မှာ သူတို့က အရမ်းဆင်းရဲကြတဲ့အခါ ဒီတိုင်း ပြန်သွားမယ်ဆိုရင် သူတို့အတွက် အခက်အခဲတွေက ရှိလာတယ်။ ပြောင်းရွေ့ဖို့ စရိတ်တွေအပါအဝင် ပြန်လည်နေထိုင်ရေးအတွက် ငွေကြေးမတတ်စွမ်းနိုင်တဲ့ အနေအထားမျိုးကို ဆိုလိုချင်တာပါ။
 M2/RiA။ ။ ဟုတ်ကဲ့ပါ။ ဆိုတော့ ဦးလှတိုးတို့က ပြောင်းရွေ့ သွားတဲ့ ကမန်တိုင်းရင်းသားတွေအနေနဲ့ မူလနေရပ်ကို အစိုးရက စီစဉ်နေရာချထားပေးပြီး ပြန်လာခွင့်ပြုမယ်ဆိုရင်တောင် အဲဒီမှာ မိသားစုဘဝတစ်ခု ပြန်လည် ထူထောင်ရေးအတွက် သက်မွေးဝမ်းကြောင်း အလုပ်အကိုင်တွေကအစ အဆင်မပြေနိုင်ဘူး ဆိုတဲ့ သဘောပါလား။

UHT/Kaman Party။ ။ ဟုတ်ပါတယ်။ ပြန်ပြီးတော့ စလုံးရေ စကနေ စရဖို့ ဆိုတော့ သူတို့ရဲ့ စီးပွားရေး၊ အလုပ်အကိုင်တွေကအစ သုညကနေ ပြန်စရမယ့် အတိုင်းအတာရှိပါတယ်။ ဒါကိုလည်းပဲ နိုင်ငံတော်အစိုးရက အတတ်နိုင်ဆုံး ဝိုင်းဝန်းပြီးတော့ ကူညီပေးမယ်ဆိုရင်တော့ ပိုပြီးတော့ ကောင်းမယ်လို့ ယူဆပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly