မွန်ပြည်နယ်ရှိ နာမည်အငြင်းပွားတံတား ယနေ့စတင် ဖြတ်သန်းခွင့်ပြုမည်

မွန်ပြည်နယ်ရှိ နာမည်အငြင်းပွားတံတား ယနေ့စတင် ဖြတ်သန်းခွင့်ပြုမည်
ဓာတ်ပုံ-ဖေ့ဘုတ်

ရန်ကုန်၊ ဧပြီ ၂၇ ။           ။ မွန်ပြည်နယ်ရှိ ဒေသခံများအကြား အငြင်းပွားမှုများဖြစ်ပွားနေသည့် ဗိုလ်ချူပ်အောင်ဆန်းတံတား (ဘီလူးကျွန်း)ကို ယနေ့ ဧပြီ ၂၇ ရက်နေ့မှ စတင်ဖြတ် သန်းခွင့်ပြုမည်ဖြစ်ကြောင်း မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံကပြောသည်။

“27.4.2017 မနက် ၅ နာရီမှ ည ၁၀ နာရီထိ ဗိုလ်ချူပ်အောင်ဆန်းတံတား(ဘီလူးကျွန်း) မှ စတင် ပြည်သူအပေါင်းဖြတ်သန်းနိုင်ပါပြီ။မွန်ပြည်နယ် တိုးတက်ပါစေ။ ပြည်သူအပေါင်းနှလုံးစိတ်ဝမ်းအေး ချမ်းပါစေ ” ဟူ၍ ဒေါက်တာအေးဇံက ၄င်း၏လူမှုကွန်ယက်ဖြစ်သည့် ဖေ့ဘွတ်ခ် တွင် ဧပြီ ၂၆ ရက်ညနေပိုင်းက ရေးသား ပြောဆိုလိုက်ခြင်းဖြစ်သည်။

မွန်ပြည်နယ်ဒေသခံအများစုက သံလွင်တံတား (ချောင်းဆုံ) ဟုခေါ်ဆိုရန် ဆန္ဒ ၂ကြိမ်ပြခဲ့ကြပြီး ဗိုလ်ချုပ်အောင်ဆန်းတံတား အမည်ပေးခြင်းကိုကန့်ကွက်နေကြသည့်ကြားက နာမည်ပေးခဲ့ခြင်း ဖြစ်သည်။

သို့သော်လည်း ဖြတ်သန်းခွင့်ပေးခြင်းသာဖြစ်ပြီး တံတားဖွင့်ပွဲမလုပ်ရသေးသလို စတင်ဖြတ်သန်းခွင့် ပေးသည့် ယနေ့ (ဧပြီ ၂၇) နံနက် ၁၀ နာရီထိ ဖြတ်သန်းသွားလာခွင့် မရသေးကြောင်း ချောင်းဆုံတံတားဆိုင်ရာ လူထုလှုပ်ရှားမှုကော်မတီ ပြောရေးဆိုခွင့်ရှိသူ မွန်ရာဇာက ပြောသည်။

“ ဒီမနက် ၄နာရီခွဲလောက်မှာ ဆိုင်းဘုတ်တင်တာ ပြီးသွားတယ်။ ဗိုလ်ချုပ်အောင်ဆန်းတံတား (ဘီလူးကျွန်းပေါ့နေ်ာ)။ မော်လမြိုင်ဘက်ကတော့ ဆိုင်းဘုတ်ကပြီးသွားပြီ ဒီချောင်းဆုံ ၊ ဘီလူးကျွန်းဘက်ကမ်းကျတော့ ဆိုင်းဘုတ်တင်တာမပြီးသေးဘူး။ မပြီးသေးတော့ ဒီမနက် ၁၀ နာရီထိတော့ ဖြတ်သန်းခွင်မရသေးဘူး “ ဟု ၄င်းကဆိုသည်။

မွန်ပြည်နယ် ချောင်းဆုံတံတားဆိုင်ရာ လူထုလှုပ်ရှားမှုကော်မတီမှ ဒေသခံများ၏ဆန္ဒကို မျက်ကွယ်ပြုပြီး ဗိုလ်ချုပ်အောင်ဆန်းတံတား (ဘီလူးကျွန်း) အမည်ပေးသည့်ကိစ္စအတွက ကန့်ကွက်သည့် လက်မှတ်များကောက်ခံနေပြီး ဧပြီ ၂၆ မနက်ထိ တစ်ပတ်အတွင်း လက်မှတ် တစ်သိန်း နှစ်သောင်း ခန့်ရရှိထားကြောင်း အဆိုပါ ကော်မတီမှ သိရသည်။

ကောက်ခံရရှိထားသည့် လက်မှတ်များကို နိုင်ငံတော်သမ္မတရုံး၊ နိုင်ငံတော်အတိုင်ပင်ခံရုံး၊ ပြည်ထောင်စုလွတ်တော်၊ အမျိုးသားလွတ်တော် ၊ ပြည်သူ့လွှတ်တော်၊ တိုင်းရင်းသားရေးရာဝန်ကြီးဌာန၊ ပြည်နယ်အစိုးရနှင့် သက်ဆိုင်ရာ ပြည်နယ်လွှတ်တော်အသီးသီးကို တင်သွွင်းပေးပို့သွားမည်ဟုလည်း မွန်ရာဇာက ပြောဆိုလိုက်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly