မြောက်ကိုရီးယား၏ စစ်ရေးခြိမ်းခြောက်လာနိုင်မှုအပေါ် ကာကွယ်ဖို့ အသင့်ပြင်ထားဟု အမေရိကန်ပြော

မြောက်ကိုရီးယား၏ စစ်ရေးခြိမ်းခြောက်လာနိုင်မှုအပေါ် ကာကွယ်ဖို့ အသင့်ပြင်ထားဟု အမေရိကန်ပြော

ဧပြီ ၂၇ ။           ။ ရန်လိုနေတဲ့ မြောက်ကိုရီးယားတို့ရဲ့ စစ်ရေးခြိမ်းခြောက်လာနိုင်မှုကနေ ကာကွယ်ဖို့ အဆင်သင့်ပြင်ထားကြောင်း အမေရိကန် စစ်ဘက်ထိပ်တန်းအရာရှိကြီးတစ်ဦးက ပြောကြားလိုက်ပါတယ်။

တောင်ကိုရီးယားနိုင်ငံမှာ စတင်တပ်ဆင်နေပြီဖြစ်တဲ့ အဆင့်မြင့် THAAD ဒုံးခွင်းဒုံးစနစ်ကလည်း လာမယ့်ရက်ပိုင်းအတွင်း အသုံးပြုလို့ရတော့မှာဖြစ်လို့ ပြံုယမ်းဘက်က ခြိမ်းခြောက်လာနိုင်မှုမှန်သမျှ ခုခံကာကွယ်သွားဖို့ အသင့်ရှိနေပြီ ဖြစ်ကြောင်း အမေရိကန် ပစိဖိတ်ဒေသဆိုင်ရာ တပ်မှူး ရေတပ်ဗိုလ်ချုပ်ကြီး ဟာရီ ဟားရစ်က ပြောကြားလိုက်ပါတယ်။

ယခုကာလပိုင်းအတွင်း ကိုရီးယားကျွန်းဆွယ်ဒေသအတွင်း အမေရိကန်၊မဟာမိတ်နိုင်ငံတွေနဲ့ မြောက်ကိုရီးယားတို့အကြားက တင်းမာမှုတွေဟာ တစ်စထက်တစ်စ ပိုမိုမြင့်သထက် မြင့်လာချိန်မှာ ယမန်နေ့က တောင်ကိုရီးယားမှာ အဆိုပါ အဆင့်မြင့် ဒုံးခွင်းဒုံးစနစ်ကို စီစဉ်ထားတဲ့ ဖြန့်ကျက်ချထားမယ့် နေရာကို ရွှေ့ပြောင်းတပ်ဆင်နေပြီဖြစ်ပါတယ်။ အဆိုပါ ဒုံးခွင်းဒုံးစနစ်ဟာ မြောက်ကိုရီးယားတို့ဘက်ကနေ ပစ်လွွှတ်လာမယ့် ဒုံးကျည်တွေကို ကြားဖြတ်ဟန့်တားချေမှုန်းနိုင်စွမ်း ရှိတယ်လို့ သိရပြီး ယင်းစနစ် တပ်ဆင်နေမှုကိုလည်း တောင်ကိုရီးယားစစ်တပ်က အတည်ပြုသွားပါတယ်။

တစ်ဘက်မှာလည်း ယခုလို စစ်ရေးနည်းအရ ကာကွယ်မယ့် အစီအစဉ်တွေ ပြင်ဆင်လုပ်ဆောင်နေပေမယ့် ဒေါ်နယ်ထရမ့်ဦးဆောင်တဲ့ အမေရိကန်အစိုးရအနေနဲ့ မြောက်ကိုရီးယားတို့၏ နျူ အစီအစဉ်တွေ ဖျက်သိမ်းရေးအတွက် သံတမန်နည်းလမ်းကနေလည်းပဲ ကြိုးပမ်းသွားမှာဖြစ်ကြောင်း ၀ါရှင်တန် တာဝန်ရှိသူတွေက ပြောပါတယ်။

မြောက်ကိုရီးယားအရေးနဲ့ပတ်သက်လို့ ဘယ်လိုဘယ်ပုံ ဆက်လက်လုပ်ဆောင်မလဲဆိုတာနဲ့ပတ်သက်လို့ ယမန်နေ့က အိမ်ဖြူတော်မှာ အမေရိကန်ထိပ်တန်းတာဝန်ရှိသူတွေ စုဝေး ဆွေးနွေးခဲ့ကြပါတယ်။ ယင်းအစည်းအဝေးကိုတော့ နိုင်ငံခြားရေးကြီး ရက်ဇ် တီလာဆန်၊ ကာကွယ်ရေးဝန်ကြီး ဂျိမ်းစ် မက်တစ် နဲ့ အမျိုးသားထောက်လှမ်းရေးအဖွဲဲ့ ဒါရိုက်တာ ဒန်ကုတ်စ်၊ ပါလီမန်အမတ်တွေအပါအဝင် တာဝန်ရှိသူတွေ တက်ရောက်ခဲ့ကြပါတယ်။

လက်ရှိ လုပ်ဆောင်နေတဲ့ နျူကလီးယားနဲ့ ပဲ့ထိန်းဒုံး အစီအစဉ်တွေကို ရပ်တန်းက ရပ်ရေးအတွက် မြောက်ကိုရီးယားတို့အပေါ် ပိုမိုဖိအားပေးသွားဖို့ရှိနေတယ်လို့ အမေရိကန်တို့က ဆိုပါတယ်။ ဒါပေမယ့်လည်း ဒါဟာ ကင်ဂျံုအန်း အစိုးရကို ဒူးထောက်အညံ့ခံခိုင်းဖို့ ကြိုးပမ်းတာတော့မဟုတ်ကြောင်း အမေရိကန်တို့က ဆိုပါတယ်။

အခြေအနေတွေ ဘယ်လိုပဲ တင်းမာနေပါစေ ပြံုယမ်းအစိုးရရဲ့ ယခု နျူကလီးယား ကြိုးပမ်းချက်တွေကို လက်လျှော့ခိုင်းဖို့နဲ့ ယင်းအစီအစဉ်တွေ ရပ်ဆိုင်းသွားဖို့အရေးအတွက်ကတော့ အမေရိကန်တို့ဘက်က နည်းလမ်းပေါင်းစုံ သုံးပြီး လုပ်ဆောင်သွားမှာဖြစ်ကြောင်း သိရပါတယ်။တစ်ချိန်တည်းမှာပဲ ကုလသမဂ္ဂ အဖွဲ့ဝင်မဟာမိတ်နိုင်ငံတွေကလည်း ယခု ကိစ္စမှာ ၀ိုင်းဝန်းကူညီပေးကြမယ်လို့ မျှော်လင့်ထားကြောင်း အမေရိကန်တို့က ပြောကြားလိုက်ပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly