ရေကြောင်းခရီး လုံခြုံရေး ဂရုစိုက်ရန် စက်လှေမှောက်သေဆုံးသူတို့၏ မိသားစုများ အစိုးရကို တောင်းဆို

ရေကြောင်းခရီး လုံခြုံရေး ဂရုစိုက်ရန် စက်လှေမှောက်သေဆုံးသူတို့၏ မိသားစုများ အစိုးရကို တောင်းဆို
ငွေကြယ်ပွင့်စက်လှေတိမ်းမှောက်မှုကြောင့် သေဆုံးသွားသူများအတွက် ဆုတောင်း၊ အမျှဝေနေကြသူများ (ဓာတ်ပုံ - မျိုးမင်းပိုင်)

 ရေကြောင်းသွားခရီးသည်ယာဉ်များ မတော်တဆမှုဖြစ်ပွားခြင်း မရှိစေရေးအတွက် အထူးကြပ်မတ်ပေးရန် လိုအပ်သည်ဟု မကြာသေးခင်က ပုသိမ်မြို့စက်လှေနစ်မြှုပ်မှုတွင် သေဆုံးသွားသူတို့၏ မိသားစုဝင်များ၊ ဒေသခံများက အစိုးရကို တိုက်တွန်းလိုက်သည်။

 ဧပြီ ရ ရက်နေ့ညက ပုသိမ်မြို့ကြက်တန်းကူးတို့ဆိပ်အနီး ကျောက်တင်သင်္ဘောနှင့် တိုက်မိ သည့် 'ငွေကြယ်ပွင့်' စက်လှေနစ်မြုပ်မှုတွင် သေဆုံးသည့် ခရီးသည်အရေအတွက်မှာ ၃ဝ အထိရှိရာ အာဏာပိုင်တို့က ကျန်ရစ်သူမိသားစုဝင်များကို ထောက်ပံ့ငွေ ပေးအပ်ခြင်း၊ သေဆုံးသွားသူများအ တွက် အသက်အာမခံကြေး ထုတ်ပေးနိုင်ရန် ဆောင်ရွက်ခြင်းများ ပြုလုပ်ပေးနေသည်။    

  သေဆုံးသွားသူအသက် ၁ဝ နှစ်အရွယ် ခရီးသည်တစ်ဦး၏ အဒေါ်ဖြစ်သူ ဒေါ်ယဉ်ကြည်က ရေကြောင်းသွားလာမှု လုံခြုံရေးအတွက် အာဏာပိုင်တို့ ပုံမှန် ကြပ်မတ် ဆောင်ရွက်သင့်သည်ဟု ဆိုသည်။

 "အစိုးရတို့လွတ်တော်တို့ဆိုတာ (မတော်တဆမှု) မဖြစ်ခင်တုန်းကတော့ ဂရုစိုက်ရကောင်း မှန်းမသိဘူး။ ဖြစ်လာတော့မှ ဂရုစိုက်တယ်။ ခုဆို ပြည်သူ့လွတ်တော်၊ အမျိုးသားလွတ်တော်၊ ဒေသ လွတ်တော်၊ အစိုးရအဖွဲ့တို့ ခဏခဏလာတယ်။ အသက်ဖိုးလာလာပေးတယ်။ ကျွန်မကလည်း အသက်ထက် ဘယ်ဟာတန်ဖိုးရှိလဲဆိုတာကိုပဲ မေးချင်တယ်"ဟု ဒေါ်ယဉ်ကြည်က ပြောသည်။

 သေဆုံးသူခရီးသည် ဒေါ်ညိုရင်၏ မောင်ဖြစ်သူ ဦးရွှေအေးကလည်း လျော်ကြေးငွေ လက်ခံ ရခြင်းအတွက် စိတ်မသက်မသာ ဖြစ်ရသည်ဟုဆိုသည်။

   "ပေးလို့သာယူရတာ၊ စိတ်ထဲမှာ ဘယ်ကောင်းမလဲ၊ လူတစ်ယောက်ဆုံးရှံုးမှုဆိုတာ တန်ဖိုးမှ ဖြတ်လို့မှ မရတာ။ တတ်နိုင်ရင်တော့တာဝန်ရှိသူတွေကရေယာဉ်တွေနဲ့ရေယာဉ်မောင််းသူတွေ ပေါ့ပေါ့ ဆဆ မလုပ်အောင် တာဝန်ယူပေးပါ" ဟု ဦးရွှေအေးက တိုက်တွန်းလိုက်သည်။

ငွေကြယ်ပွင့်စက်လှေ တိမ်းမှောက်မှုတွင် သေဆုံးသွားသူတို့၏ ရုပ်အလောင်းများကို သယ်ဆောင်လာစဉ် (ဓာတ်ပုံ - မျိုးမင်းပိုင်)

ကယ်ဆယ်ရေးလုပ်ငန်း

အမှောင်ထုအတွင်း ကျောက်တင်သင်္ဘောနှင့် တိုက်မိခါနီးတွင် ငွေကြယ်ပွင့်စက်လှေက ရုတ်တရက် ရှောင်တိမ်းနိုင်ခြင်း မရှိခဲ့ဟု အသက်ရှင်ကျန်ရစ်သူ ခရီးသည်တစ်ဦးဖြစ်သည့် ဦးညီညီ အောင်က ပြောသည်။

"၆း၄ဝ မှာ ကျွန်တော်တို ့စက်လှေစထွက်တယ်။ သိပ်မကြာဘူး၊ ၃ မိနစ်လောက်ပဲကြာတယ်၊ အဲ့ဒီအချိန်ကျောက်တင်တဲ ့သင်္ဘောကခုတ်မောင်းလာတာကျွန်တော်တို ့လည်းအနီးရောက်မှမြင်တယ်" ဟု ဦးညီညီအောင်က ရှင်းပြသည်။

 မြိုပေါ်ရှိလူမှုကူညီရေးအဖွဲ့အစည်းများ ရောက်ရှိလာချိန်အထိ ရှာဖွေကယ်ဆယ်ရန် ပဲ့ထောင် စက်လှေများ ချက်ချင်းမစီစဉ်နိုင်ခြင်းကြောင့် သေဆုံးသူအရေအတွက်ကို မြင့်တက်စေခဲ့ကြောင်း မျက်မြင်သက်သေများက သုံးသပ်သည်။ ခရီးသည်တင်ရေယာဉ်များတွင် ကယ်ဆယ်ရေးပစ္စည်း လုံလောက်မှု ရှိမရှိ စစ်ဆေးရန် အာဏာပိုင်တို့တွင် တာဝန်ရှိသည်ဟု ဒေသခံတစ်ဦးဖြစ်သည့် ကိုလေ ပြည်အောင်က ပြောသည်။

"ဆလိုက်မီးတွေ မရှိဘဲ လက်နှိပ်ဓာတ်မီးတွေနဲ့ ရှာဖွေကယ်ဆယ်နေရတာကိုက စိတ်ပျက်စရာ ပါ။ နောက်မှ ဘေးကသင်္ဘောတွေ မီးထွန်းပေးလို့။ ဌာနတစ်ခုအနေနဲ့ ကယ်ဆယ်ရေးပစ္စည်းတွေ လုံလောက်မှု မရှိရင်အထက်ကို တင်ပြသင့်တယ်" ဟု ကိုလေပြည်အောင်က ဆိုသည်။ အရေးပေါ် ကူညီကြသူများထဲတွင် ကယ်ဆယ်ရေးလုပ်ငန်းနှင့် ပတ်သက်ပြီးသင်တန်းတက် လေ့လာထားသူ အနည်းငယ်သာ ပါဝင်ကြောင်း ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့သူ ကိုမြင့်ဌေးက ပြောသည်။

"ရပ်ရွာအခြေပြု ကယ်ဆယ်ရေးအဖွဲ့အစည်းတွေ၊  စနစ်တကျနဲ့ သင်တန်းတွေလုပ်ထားတဲ့ ကယ်ဆယ်ရေး အဖွဲ့အစည်းတွေက(ချက်ချင်း) ရောက်မလာဘူး။ ငါးဖမ်းသင်္ဘောတစ်စီးရယ်၊ ကူးတို့ လှေတွေရယ် ကယ်လို့ကျန်တဲ့သူတွေကရှင်တာ"ဟုကိုမြင့်ဌေးကပြောသည်။

တိုက်မိကြသည့် ယာဉ်နှစ်စီးတွင် အချက်ပြမီး၊ ဆလိုက်မီးမပြည့်စုံခြင်းသည်လည်း မတော် တဆမှု ပေါ်ပေါက်ခဲ့ရသည့် အဓိကအကြောင်းရင်းများတွင် ပါဝင်နေသည်။

ပုသိမ်မြို့ ဒေသခံတစ်ဦးဖြစ်သည့် ကိုမြင့်စိုးကရေကြောင်းအာဏာပိုင်အဖွဲ့အစည်းတို့ စစ်ဆေး ကြီးကြပ်မှု လျော့နည်းခဲ့ကြောင်း ဝေဖန်လိုက်သည်။ "သင်္ဘောပိုင်ရှင်တွေလည်း အပြစ်ပေးရမယ်။ မောင်းသူတွေလည်း အပြစ်ပေးသင့်တယ်။

ရေကြောင်းဥပဒေဆိုတာ စာအုပ်ထဲမှာရှိပြီး တင်းကြပ်မှုတွေမလုပ်ဆောင်ကြလို့ ငဝန်မြစ်ထဲမှာ စည်းကမ်းမဲ့ မောင်းနေကြတာ။ရေကြောင်းတာဝန်ရှိသူတွေ ပေါ့လျော့တယ်။ ဒါကို တာဝန်ရှိသူတွေ လည်း မကြီးကြပ်နိုင်ခဲ့ဘူး" ဟု ကိုမြင့်စိုးက ပြောသည်။

   မတော်တဆမှုတွင် အမျိုးသား ရ ဦး၊ အမျိုးသမီး၂၃ ဦး သေဆုံးခဲ့သည်။ သေဆုံးသူများထဲတွင် အသက် ၄ နှစ်မှ ၁၇ နှစ်အတွင်းရှိ ကလေး ရ ဦးလည်း ပါဝင််သည််။ မြစ်ချောင်းပေါများပြီး ပင်လယ် ကမ်းရိုးတန်းရှည်လျားသော မြန်မာနိုင်ငံတွင် ခရီးသည်တင် ရေယာဉ်မတော်တဆ ဖြစ်ပွားမှုကို မကြာ ခဏ ကြုံတွေ့ရလေ့ရှိသည်။

  ၂ဝ၁၆ အောက်တိုဘာလလယ်ပိုင်း ချင်းတွင်းမြစ်အတွင်း ဝန်ပိုတင် မှောင်းနှင်သည့် အောင်စိုးမိုးကျော် အမြန်ရေယာဉ်နစ်မြှုပ်မှုတွင်လည်း ခရီးသည် ၈ဝ ထက် မနည်းသေဆုံးခဲ့သည်။ နိုင်ငံအများအပြားတွင် ဆုံးရှုံးမှုကြီးမားသည့် သင်္ဘောမတော်တဆမှု ဖြစ်ပွားပါက တာဝန်ကြီးကြီးမားမား ယူထား သူက နုတ်ထွက်ပြီးတာဝန်ယူမှု၊ တာဝန်ခံမှုကို ပြသကြကြောင်း သတင်းများတွင် တွေ့ရသည်။ 

တိုင်းအစိုးရအဖွဲ့၏ ဆောင်ရွက်ချက်

ပုသိမ်မြို့ မတော်ဆမှု ဖြစ်စဉ်တွင် ကယ်ဆယ်ရေးလုပ်ငန်းအတွက် ဆလိုက်မီးအသုံးပြုခြင်း နှောင့်နှေးခဲ့ရသည်ဟု တိုင်းအစိုးရအဖွဲ့မှ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးဝင်းဌေးက ပြောသည်။ 

 "ဆလိုက်မီးတွေက ရုတ်တရက်တော့ ချက်ချင်းကြီးတော့ မထိုးနိုင်ဘူး။ ပြောလိုက်တဲ့ အခါမှာ တော့ ဆလိုက်တွေ ထိုးကြပါတယ်။ ဟိုဘက်ကမ်းမှာရှိတဲ့ သင်္ဘောရော၊ဒီဘက်ကမ်းမှာရှိတဲ့ သင်္ဘော ရော မီးထိုးပေးကြပါတယ်" ဟုဦးဝင်းဌေးကရှင်းပြသည်။

 ငွေကြယ်ပွင့် ရေယာဉ် တိမ်းမှောက်ပြီးနောက်ပိုင်း ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့က ရေကြောင်းသွား ယာဉ်များ မတော်တဆမှု မဖြစ်ပွားစေရန်  ကြိုတင်ကာကွယ်ရေးလုပ်ငန်းများအတွက် စီစဉ် လုပ်ဆောင်နေသည်ဟုဝန်ကြီးကဆိုသည်။

 "ရေကြောင်းရဲတို့၊ ဆိပ်ကမ်းက တာဝန်ှရှိသူတွေပါခေါ်ယူပြီး နောင်တစ်ချိန်မှာ ဒီလိုမျိုးအခြေ နေ ပေါ်လာခဲ့ရင် ဘယ်လိုဆက်သွယ်၊ ဆောင်ရွက်မလဲဆိုတာကို ကော်မတီတစ်ရပ် ဖွဲ့ပြီးဆောင်ရွက် နေတယ်" ဟုဦးဝင်းဌေးက ပြောသည်။။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly