ဗင်နီဇွဲလား ဆန္ဒပြပွဲများ သေဆုံးသူ ၂၉ ဦးအထိ မြင့်တက်လာ

ဗင်နီဇွဲလား ဆန္ဒပြပွဲများ သေဆုံးသူ ၂၉ ဦးအထိ မြင့်တက်လာ

ကာရာကတ်စ်၊ ဧပြီ ၂၇ ။                ။ ဗင်နီဇွဲလားနိုင်ငံအတွင်း ယခုလမှ စတင်ဖြစ်ပွားလာသည့် အစိုးရဆန့်ကျင်ဆန္ဒပြမှုများတွင် အနောက်ပိုင်းပြည်နယ် တာချီရာတွင် သေဆုံးသူနှစ်ဦး ထပ်ရှိလာ၍ အာဏာပိုင်များက ဆန္ဒပြမှုများအတွင်း သေဆုံးသူဦးရေသည် ၂၉ ဦးအထိ ရှိသွားပြီဖြစ်ကြောင်း ဧပြီ ၂၆ ရက်တွင် ကြေညာသည်။

အစိုးရထောက်ခံသူ တာချီရာပြည်နယ်အုပ်ချုပ်ရေးမှူး ဂျိုစေးဗီလာမာမိုရာက ဧပြီ ၂၅ ရက် နေ့လည်ပိုင်းက ကွမ်တာရိုဆိုသည့် အလုပ်သမားတစ်ဦး ၀မ်းဗိုက်တွင် သေနတ်ထိမှန်သေဆုံးကြောင်း နိုင်ငံပိုင် VTV သတင်းဌာနသို့ ပြောသည်။

“သူက အလုပ်သမားတစ်ဦးပါ။ အသက် ၂၈ နှစ်အရွယ်ပါ။ အိမ်ကနေ အလုပ်သွားရာလမ်းမှာ ခုလို ကျည်မှန်ပြီး သေဆုံးတာဖြစ်ပါတယ်။”ဟု ၎င်းက ပြောသော်လည်း ယင်းဖြစ်ရပ်နှင့် ပတ်သက်ပြီး အသေးစိတ်မပြောပေ။

ထိုပြင် အခြားသော အဓိကရုဏ်းဆန္ဒပြမှုအတွင်း လူလေးဦး ထိခိုက်ဒဏ်ရာရကြောင်း၊ သုံးဦးမှာ သေနတ်ထိမှန်ခြင်းဖြစ်၍ တစ်ဦးမှာ ဓာတ်လိုက်ခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။
တစ်ချိန်တည်းတွင် အတိုက်အခံဖက်ကဖြစ်သော ကာရာကတ်စ်စည်ပင်နယ်မြေ ချာကာအိုမြို့တော်ဝန် ရာမွန်က တွစ်တာ၌ ဆန္ဒပြအဓိကရုဏ်းတစ်ရပ်အတွင်း အသက် ၂၀ အရွယ် အမျိုးသားတစ်ဦး သေဆုံးကြောင်း ရေးသားသည်။

“နေ့လည် ၂ နာရီ မိနစ် ၅၀ လောက်ကပါ။ အသက် ၂၀ အရွယ် လူငယ်တစ်ဦး ဆန္ဒပြမှုမှာ သေဆုံးတာဖြစ်ပါတယ်။”ဟု ၎င်းက ရေးသားထားသည်။
ဗင်နီဇွဲလားနိုင်ငံအတွင်း စီးပွားရေးကပ်ဆိုက်ကာ အစားအစာ၊ ဆေးဝါးနှင့် အခြေခံကုန်စည်များ ရှားပါးပြတ်လပ်ခြင်းအတွက် သမ္မတ မာဒူရိုအား အပြစ်ဆိုလျက်ရှိကြပြီး ယခုကဲ့သို့ ဆန္ဒပြမှုများဖြစ်ပွားခြင်းဖြစ်သည်။

ဆန္ဒပြသူများကို နှိမ်နင်းရန် အစိုးရက ရာဇဝတ်သားများကို အုပ်စုဖွဲ့ စေလွှတ်နှိမ်းနင်းခိုင်းကြောင်း အတိုက်အခံများက စွပ်စွဲသည်။
သမ္မတ မာဒူရိုကမူ ယခုဆန္ဒပြမှုများက ၎င်းအား ဖြုတ်ချရန် အမေရိကန် နောက်ခံပြုသည့် အာဏာသိမ်းကြံစည်မှု၏ အစိတ်အပိုင်းတစ်ရပ်သာဖြစ်ကြောင်း ပြောထားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly