အစိုးရဟောင်းလက်ထက်က ချုပ်ဆိုခဲ့သည့် မြေငှားစာချုပ်များကို ပြန်လည်သုံးသပ်သင့်ကြောင်း ရန်ကုန်တိုင်းလွှတ်တော် ကိုယ်စားလှယ်များ ဝေဖန်

အစိုးရဟောင်းလက်ထက်က ချုပ်ဆိုခဲ့သည့် မြေငှားစာချုပ်များကို ပြန်လည်သုံးသပ်သင့်ကြောင်း ရန်ကုန်တိုင်းလွှတ်တော် ကိုယ်စားလှယ်များ ဝေဖန်
အစိုးရအပြောင်းအလဲကာလတွင်  ကာလပေါက်ဈေးထက် လျော့သည့်ဈေးဖြင့် လက်သင့်ရာငှားရမ်းခဲ့သည့် လုပ်ငန်းတစ်ခုထဲတွင် အပါအဝင်ဖြစ်သည့် ကန်တော်ကြီးဥယျာဉ်အား တွေ့ရစဉ်။ 
(ဓာတ်ပုံ-အီးပီအေ)

ရန်ကုန်၊ ဧပြီ ၂၆ ။                       ။  ပြီးခဲ့သည့်အစိုးရလက်ထက်၌ မြေယာငှားရမ်းခ ကန်ထရိုက်စာချုပ်များ အပါအဝင် ကုမ္ပဏီများနှင့် ချုပ်ဆိုခဲ့သည့် စာချုပ်အများစုအား ပြန်လည်သုံးသပ်သင့်သည်ဟု ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များက ဝေဖန်ပြောဆိုလိုက်သည်။

ယနေ့ ကျင်းပသည့် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး ဆယ်ရက်မြောက်နေ့၌ ရန်ကုန်တိုင်းဒေသကြီး စာရင်းစစ်ချုပ်တင်သွင်းသည့် "၂၀၁၅-၁၆ခုနှစ် ဘဏ္ဍာရေးအတွက် လုပ်ငန်းဆောင်ရွက်မှုအစီရင်ခံစာ" အပေါ် ကိုယ်စားလှယ် ၁၆ ဦးက ဝိုင်းဝန်းဆွေးနွေးခဲ့ခြင်းဖြစ်သည်။

ရန်ကုန်မြို့ရှိ မြကျွန်းသာ အပန်းဖြေဥယျာဉ်၊ ပြည်သူ့ဥယျာဉ်များအား ငှားရမ်းထားသည့် စာချုပ်ပါ အချက်အလက်များအရ ကာလတန်ကြေးထက် လျော့နည်းနေသဖြင့် နိုင်ငံတော်ဘက်မှ နစ်နာနေခြင်းကြောင့် ယင်းစာချုပ်များအား ပြန်လည်စိစစ်သင့်သည်ဟု ဒဂုံမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျက ဆိုသည်။

"အစီရင်ခံပါ မြေငှားရမ်းမှုများမှာ စတင်ငှားရမ်းခဲ့စဉ်က ပွင့်လင်းမြင်သာမှုမရှိခြင်း၊ တင်ဒါစနစ်ဖြင့် ငှားရမ်းသည့် အနေအထားမဟုတ်ခြင်း လုပ်ပိုင်ခွင့်ရလုပ်ငန်းရှင်များမှ စာချုပ်ပါ အချက်အလက်များအား ပြည့်ဝစွာလိုက်နာမှု မရှိခြင်းတို့ကြောင့် ပြန်လည်စိစစ်သင့်ကြောင်း သုံးသပ်တင်ပြပါတယ်" ဟု ဦးကျော်ဇေယျက လွှတ်တော်၌ ပြောဆိုခဲ့သည်။

ချုပ်ဆိုထားခဲ့သည့် စာချုပ်များကို ပြင်ဆင်နိုင်ပါက နိုင်ငံတော်ဘက်မှ အခွန်အခများစွာ ရရှိနိုင်မည်ဖြစ်ခြင်းကြောင့် ပြည်သူလူထုအတွက် အကျိုးရှိစေနိုင်မည့် လုပ်ရပ်ဖြစ်သည်ဟု ကျောက်တံတားမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်ကြည်ပြာက ဆိုသည်။

"တိုင်းပြည်ရဲ့လိုအပ်ချက်တွေအတွက် အကျိုးတူပူးပေါင်းဆောင်ရွက်ထားတဲ့ကုမ္ပဏီကြီးများနဲ့ ညှိနှိုင်းလို့ရမယ် ပြန်ပြီးတော့ တိုင်ပင်လို့ ရမယ်ဆိုရင် ရန်ကုန်တိုင်းအတွက် တကယ်ကို အကျိုးများမှာ ဖြစ်ပါတယ်" ဟု ဒေါ်ကြည်ပြာက ပြောသည်။

ရန်ကုန်တိုင်းဒေသကြီး စာရင်းစစ်ချုပ်ရုံး၏ အစီရင်ခံစာတွင် မြကျွန်းသာအပန်းဖြေ ဥယျာဉ်ကို မက်စ်မြန်မာနှင့် ဧဒင် အပါအဝင် ကုမ္ပဏီရှစ်ခုအား မြေတစ်ဧကလျှင် ကျပ် ၁၀ သိန်းနှုန်းဖြင့် မြေ ၄၂ ဒသမ ၄၄၀ ဧက ငှားရမ်းထားပြီး မြေငှားရမ်းခသည် တစ်စတုရန်းပေလျှင် ကျပ် ၁၀၀၀ နှုန်းရှိသော်လည်း စတုရန်းတစ်ပေလျှင် ၂၅ ကျပ်နှုန်းဖြင့်သာ ငှားရမ်းထားခဲ့ကြောင်း၊ ပုဂ္ဂလိကသို့ ငှားရမ်းရာ၌ နိုင်ငံတော်မှ တစ်နှစ်လျှင် ကျပ် ၂၁ ဒသမ ၆၂၉ဘီလီယံ ကျော် နစ်နာနေကြောင်း ဖော်ပြထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly