ထွန်တုံးတိုက်ပွဲဝင်သူ တောင်သူ ရ ဦးကို အလုပ်ကြမ်းနှင့်ထောင်ဒဏ် ၂ လ အမိန့်ချ

ထွန်တုံးတိုက်ပွဲဝင်သူ တောင်သူ ရ ဦးကို အလုပ်ကြမ်းနှင့်ထောင်ဒဏ် ၂ လ အမိန့်ချ
(ဓာတ်ပုံ၊အေးသိန်း)

မန္တလေး၊ဧပြီ ၂၆ ။           ။ လယ်ယာမြေပြန်လည်ရရှိရေးအတွက် ထွန်တုံးတိုက်ပွဲဝင်ခဲ့သည့် တောင်သူ ရ ဦးကို ဧပြီလ ၂၆ရက်၊ မွန်းလွဲပိုင်းက အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၂ လ ကို စဉ့်ကိုင်မြို့နယ်တရားရုံးမှ ပြစ်ဒဏ်ချခဲ့သည်ဟု တောင်သူလယ်သမား၊ အလုပ်သမားအရေး ကူညီဆောင်ရွက်သူများအဖွဲ့မှ အထက်မြန်မာပြည် တာဝန်ခံ ဦးအေးသိန်းက မဇ္ဈိမကို ပြောသည်။

မန္တလေးတိုင်းဒေသကြီး၊ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်၊ ရှမ်းကန်ကျေးရွာ၊ စွန်ရဲကျေးရွာ၊ ကျောက်ကန်ကျေးရွာနှင့် ဖလန်ပင်ကျေးရွာတို့ရှိ လယ်ယာမြေသိမ်းဆည်းခံထားရသည့် တောင်သူများက လယ်ယာမြေပြန်လည်ရရှိရေးအတွက် ဦးဆောင်ထွန်တုံးတိုက်ပွဲဝင်ခဲ့သည့် ဦးသောင်းနွဲ့အပါအဝင် တောင်သူ ရဦးကို ပုဒ်မ ၄၄၇၊၄၂၇၊၁၄၉တို့ဖြင့် ထောင်ဒဏ် ၂လ ချလိုက်ခြင်းဖြစ်သည်။

အဆိုပါကျေးရွာများမှ လယ်ယာမြေ ၂၆၅၀ ဧကကို လယ်ယာစိုက်ပျိုးရေးဝန်ကြီးဌာနက ၁၉၇၃ ခုနှစ်တွင် သိမ်းယူခဲ့ပြီး စီမံကိန်းဆောင်ရွက်ခြင်းများမရှိဘဲ မုဒုံမောင်မောင်ကုမ္ပဏီသို့ ဧက ၁၅၀၀ ချထားပေးခဲ့ခြင်းကြောင့် မူလပိုင်ရှင်ဒေသခံတောင်သူများက ၂၀၁၅ ခုနှစ်မှစတင်ကာ ထွန်တုံးတိုက်ပွဲဝင်၍ ပြန်လည်ဝင်ရောက်စိုက်ပျိုးခဲ့ခြင်းကြောင့် ၂၀၁၅ခုနှစ်၊ဒီဇင်ဘာလ၌ မုဒုံမောင်မောင်ကုမ္ပဏီနှင့်စက်မှုလယ်ယာသီးနှံတို့မှ တောင်သူများကို တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။

တောင်သူလယ်သမား၊အလုပ်သမားအရေးလိုက်ပါကူညီဆောင်ရွက်ပေးသူများအဖွဲ့မှ အထက်မြန်မာပြည်တာဝန်ခံ ဦးအေးသိန်းက"တောင်သူတွေကို ဒီလိုထောင်ဒဏ်တွေချနေတာဟာ တိုင်ပြည်ရဲ့လူ့စွမ်းအားတွေကို ဖျက်စီးတာပဲ။ဒီလိုလုပ်ရပ်မျိုးကို ရှုံ့ချပါတယ်"ဟု ပြောသည်။

တောင်သူလယ်သမားအရေးနှင့်အလုပ်သမားအရေးကူညီဆောင်ရွက်သူများအဖွဲ့မှ လိုအပ်သည့်အကူအညီများကို ဆက်လက်ဆောင်ရွက်ပေးသွားမည်ဟု ဦးအေးသိန်းကဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly