ငဝန်မြစ်အတွင်း သင်္ဘော နှင့် စက်လှေတိုက်မှု နှစ်ဖက်လုံးကို အရေးယူမည်

ငဝန်မြစ်အတွင်း သင်္ဘော နှင့် စက်လှေတိုက်မှု နှစ်ဖက်လုံးကို အရေးယူမည်

ပုသိမ်၊ ဧပြီ ၂၆ ။               ။ ဧရာဝတီတိုင်း၊ ပုသိမ်မြို့နယ် ငဝန်မြစ်အတွင်း နဒီရွှေစင်ကျောက်သယ်သင်္ဘော နှင့် ငွေကြယ်ပွင့်စက်လှေတိုက်မှုတွင် ညဘက်မောင်းနှင်ခွင့်မရှိဘဲ မောင်းနှင်ခဲ့၍ နှစ်ဦးနှစ်ဖက်လုံးကို အရေးယူမည်ဟု စစ်ဆေးအဖွဲ့က ပြောသည်။

"ငွေကြယ်ပွင့်စက်လှေက သုံးဆယ်လောက်တင်ရမှာကို ခြောက်ဆယ်တစ်ဦးတင်လာတယ်။ လူပိုတင်ဆောင်လာလို့ ဝန်နဲ့အားမမျှဘူးပေါ့။ ရေစီးသန်လာရင်သန်သလို့ ကျွန်တော်တို့ခွင့်ပြုထားခြင်းမရှိတဲ့ ညဘက်ကိုသွားတယ်။”ဟု စစ်ဆေးရေးအဖွဲ့ခေါင်းဆောင်မြန်မာ့ဆိပ်ကမ်းအာဏာပိုင် တိုင်းဆိပ်ကမ်းအရာရှိ ဦးကိုကိုနိုင်က မီဒီယာများအားသတင်းစာရှင်းလင်းပွဲတွင်ပြောသည်။

စစ်ဆေးအဖွဲ့က ငဝန်မြစ်အတွင်း နဒီရွှေစင်ကျောက်တင်သင်္ဘောနှင့် ငွေကြယ်ပွင့်စက်လှေတို့ တိုက်မှုကြောင့် စက်လှေပေါ်ပါ လူခြောက်ဆယ့်တစ်ဦးမှ လူသုံးဆယ်သေဆုံးခဲ့ရမှုအား တိုင်းဒေသကြီးအစိုးရအဖွဲ့က စစ်ဆေးရေးအဖွဲ့ဖွဲ့ပြီး ဧပြီလ၉ရက်တွင် စစ်ဆေးခဲ့ပြီး ဧပြီလ၁၃ရက်တွင် တိုင်းအစိုးရအားတွေ့ရှိချက်အား ပြန်လည်တင်ပြထားခဲ့သည်။

စစ်ဆေးတွေ့ရှိချက်တွင် နဒီရွှေစင်သင်္ဘောတွင် မီးထွန်းထားသော်လည်း ဘေးကျောက်သယ်တွဲတွင် မီးထွန်းထားခြင်းမရှိကြောင်း ကမ်းထိုးရမည့် ဆလိုက်မီးအလင်းရောင်မရှိခြင်းနှင့် ငွေကြယ်ပွင့်စက်လှေတွေ မီးမပါရှိခြင်းအပြင် လူပိုတင်ဆောင်ထားခြင်းကိုပါ တွေ့ရှိရပြီး ရေယာဉ်မောင်းများမှာလည်း ချွတ်ယွင်းအားနည်းချက်းများရှိကြောင်း စစ်ဆေးရေးအဖွဲ့ကသုံးသပ်ပြောကြားသည်။

"ရေယာဉ်အလိုက် သတ်မှတ်ထားတဲ့ပစ္စည်းတွေပါရှိရမယ်။ သက်ကယ်ပစ္စည်းတွေရှိပါတယ်။ စည်းကမ်းထိန်းသိမ်းရေးအဖွဲ့တွေက စဉ်ဆက်မပြတ်စစ်ဆေးဖို့ စိစစ်ကြပ်မတ်နိုင်ဖို့ စီမံဒဏ်ကြေးနဲ့ ထိထိရောက်ရောက်အရေးယူနိုင်ဖို့ တိုင်းဒေသကြီးအစိုးရကို အကြံပြုထားတယ်။ မြို့နယ်ထွေအုပ်တွေက ၂၀အောက်ရေယာဉ်တွေ သက်တမ်းလာတိုးရင် ရေယာဉ်တွေမစစ်ဘဲ ထုတ်ပေးတာမျိုးမလုပ်ဘဲ ရေယာဉ်တွေကို မျက်မြင်စစ်ပါ အချက်ပြမီးတွေ ဘေးမီးတွေ သက်ကယ်ပစ္စည်းတွေရှိမှ သက်တမ်းတိုးပါပေါ့” ဟု ရေကြောင်းညွန်ကြားမှုဦးစီးဌာန ညွန်ကြားရေးမှူး ဦးရန်ကျော်စိုးကပြောသည်။

ဧပြီလရရက်က ပုသိမ်ဟိုတယ်မှ မင်္ဂလာဆောင်အပြန် ငွေကြယ်ပွင့် စက်လှေနှင့်နဒီရွှေစင်ကျောက်သယ်သင်္ဘောတို့ ငဝန်မြစ်အတွင်း ကြက်တန်းကူးတို့ဂိတ်နေရာအရောက်တွင် ညရနာရီ ၂၀မိနစ်၌ တိုက်မိခဲ့ပြီး၊ စက်လှေပေါ်ပါ လူများထဲမှ ၃၁ဦးကို ကယ်ဆယ်နိုင်ခဲ့ပြီး လူ ၃၀ သေဆုံးခဲ့ရသည်။ 

အမှုအား ပုသိမ်နယ်မြေရဲစခန်း ပ ၆၆/၂၀၁၇ ပုဒ်မ၃၀၄(က)၊ ၃၃၇၊ ၃၃၈၊ ၂၈၀တို့ဖြင့် အမှုဖွင့်ထားပြီး မေလ၃ရက်တွင် တရားစွဲဆိုသွားမည်ဖြစ်သည်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly