မြောက်ကိုရီးယားနဲ့ တင်းမာမှုမြင့်တက်နေချိန် တောင်ကိုရီးယားမှာ အဆင့်မြင့် THAAD ဒုံးခွင်းဒုံးစနစ် အမေရိကန်တို့ စတင်တပ်ဆင်နေ

မြောက်ကိုရီးယားနဲ့ တင်းမာမှုမြင့်တက်နေချိန် တောင်ကိုရီးယားမှာ အဆင့်မြင့် THAAD ဒုံးခွင်းဒုံးစနစ် အမေရိကန်တို့ စတင်တပ်ဆင်နေ

ဧပြီ ၂၆ ။                ။ မြောက်ကိုရီးယားနဲ့ တင်းမာမှုတွေ ပိုမိုမြင့်တက်လာနေချိန်မှာပဲ တောင်ကိုရီးယားမှာ အဆင့်မြင့် THAAD ဒုံးခွင်းဒုံးစနစ် တပ်ဆင်မယ့် လုပ်ငန်းတွေကို အမေရိကန်တပ်ဖွဲ့တွေ စတင်လုပ်ဆောင်နေပြီ လို့ သိရပါတယ်။

ဧပြီလ ၂၆ ရက်ကတော့ တောင်ကိုရီးယားမှာ ယင်းဒုံးခွင်းဒုံးစနစ် ဖြန့်ကျက်ချထားမယ့်သတ်မှတ် နေရာကို သက်ဆိုင်တဲ့ တပ်ဆင်ပစ္စည်းတွေကို အမေရိကန်တပ်ဖွဲ့တွေက သွားရောက်ပို့ဆောင်ခဲ့တယ်လို့ သိရပါတယ်။
လက်ရှိ မြောက်ကိုရီးယားတို့ရဲ့ နျူကလီးယားကြိုးပမ်းချက်အရေးနဲ့ပတ်သက်လို့ ဒေသတွင်း တင်းမာမှုတွေ မြင့်တက်နေချိန်မှာပဲ ယခုလို တောင်ကိုရီးယားဘက်ခြမ်းမှာ စစ်ဘက်ဆိုင်ရာ ဆောင်ရွက်ချက်တွေ အမေရိကန်တို့ ဆက်တိုက်လုပ်ဆောင်လာနေတာလည်း ဖြစ်ပါတယ်။

ရုပ်သံပြကွက်တွေအရတော့ အဆိုပါ THAAD ဒုံးခွင်းဒုံးစနစ် နဲ့သက်ဆိုင်တဲ့ တပ်ဆင်ပစ္စည်းတွေလို့ ယူဆရတဲ့ စစ်ဘက်ပစ္စည်းတွေကို သယ်ဆောင်လာတဲ့ ယာဉ်တန်းတွေ Seongju ကောင်တီ တောင်ဘက် ဂေါက်ကွင်းတစ်ခုထဲ ၀င်ရောက်သွားတာကို တွေ့ရတယ်လို့ ဆိုပါတယ်။

ယင်းအတွက်ကြောင့် ယင်းဒေသခံ ပြည်သူ ရာပေါင်းများစွာဟာလည်း ယင်းဒုံးစနစ်ဖြန့်ကျက်မှုအပေါ် ထုတ်ဖော်ဆန္ဒပြခဲ့ကြပြီး ရဲတွေနဲ့လည်း ရုန်းရင်းဆန်ခတ်ဖြစ်ခဲ့ကြတယ်လို့ သိရပါတယ်။

ယင်း ဒုံးခွင်းဒုံးစနစ် ဖြန့်ကျက်မှုကိုတော့ တရုတ်တို့က ပြင်းပြင်းထန်ထန် ကန့်ကွက်ထားဆဲဖြစ်သလို တောင်ကိုရီးယားပြည်တွင်းမှာလည်း ယင်းအပေါ် သဘောမတူ ဆန့်ကျင်မှုတွေ ရှိနေလျက်ရှိပါတယ်။

ဒါပေမယ့်လည်း အမေရိကန်နဲ့ တောင်ကိုရီးယားအာဏာပိုင်တွေကတော့ ယင်း ဒုံးခွင်းဒုံးစနစ် ဖြန့်ကျက်မယ့်အစီအစဉ်ကို ယမန်နှစ်ကတည်းက သဘောတူညီခဲ့တာဖြစ်ပြီး အိမ်နီးချင်း မြောက်ကိုရီးယားတို့ဘက်က ခြိမ်းခြောက်ပစ်လွှတ်လာနိုင်မယ့် ဒုံးကျည်တွေကို ကာကွယ်ဖို့ ရည်ရွယ်တာလို့ ထုတ်ပြောထားခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly