ဓားထောက်ပြီး တစ်ကိုယ်တော်အနုကြမ်းစီးခဲ့သူ တစ်နှစ်ကြာထိ လွတ်မြောက်နေ၍ ဖမ်းဆီးရမိရေး မိသားစုမှ တောင်းဆို

ဓားထောက်ပြီး တစ်ကိုယ်တော်အနုကြမ်းစီးခဲ့သူ တစ်နှစ်ကြာထိ လွတ်မြောက်နေ၍ ဖမ်းဆီးရမိရေး မိသားစုမှ တောင်းဆို
အနုကြမ်းစီး ခံခဲ့ရသည့် ဒေါက်တာရွှေပြည်ကို ၎င်း၏ နေအိမ်တွင် ၂၀၁၇၊ ဧပြီ ၂၆ရက်က တွေ့ရစဉ်။ ဓာတ်ပုံ-ရဲနိုင်

ရန်ကုန်၊ ဧပြီလ ၂၆ ။             ။ ရန်ကုန်တိုင်းဒေသကြီး၊ ကြည့်မြင်တိုင်မြို့နယ်တွင် ငွေကျပ်သိန်း ၅ဝ ကို ဓားထောက်ပြီး တစ်ကိုယ်တော် အနုကြမ်းစီးသွားခဲ့သည့်တရားခံ တစ်နှစ်ကြာထိ လွတ်မြောက်နေသည့်အတွက် ဖမ်းဆီးရမိစေချင်ပြီဖြစ်ကြောင်း အနုကြမ်းစီးခံခဲ့ရသည့် ဒဂုံမြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ ရွှေပြည်ကပြောသည်။

“ကျွန်တော်ကတော့ ပြည်သူအနေနဲ့ ဒီအမှုကို ပေါ်စေချင်ပြီ။ ဒီအမှုပေါ်မှပဲ ပိုလုံခြံုသွားမယ်လို့ ထင်တယ်။ အခုဆိုရင် အိမ်ထဲကို တစ်ခါဝင်ထားပြီးပြီဆိုတော့ ဒီကောင်နောက်တစ်ခါပဲ ထပ်လာဦးမလား။ ဒီလိုမျိုးတွေ တွေးမိတယ်။ အိမ်က ကလေးတွေဆိုလည်း ဒီကောင်ကို မမိသေးဘူးဆိုတော့ စိုးရိမ်စိတ်တွေ ဖြစ်နေတာပေါ့။ ဒါကြောင့် မိစေချင်ပြီ” ဟု ဒေါက်တာရွှေပြည်က အမှုပေါ်ပေါက်စေချင်သည့် အကြောင်းနှင့် ပတ်သက်ပြီး ပြောသည်။

အဆိုပါ အမှုဖြစ်ပွားပြီးနောက် ၆ လခန့်အကြာထိ အမည်မသိ တစ်ကိုယ်တော်အနုကြမ်းစီးသွားသူကို ဖမ်းဆီးရမိရေးအတွက် ကြည့်မြင်တိုင်မြို့မရဲစခန်းအပါအဝင် အခြားမြို့နယ်ရဲ စခန်းများမှ ၎င်းတို့ဖမ်းဆီးရမိသည့် တရားခံပုံများကို Viber မှတစ်ဆင့် ဒေါက်တာရွှေပြည် ထံပို့ပေးလေ့ရှိကြောင်း သိရသည်။

“ရဲတွေက သူတို့ တစ်နေရာရာမှာ တရားခံတွေမိတယ်ဆိုရင် သူခိုးမိတယ်ပေါ့။ အဲ့ဒါမျိုးတွေဆိုရင် ကျွန်တော်ဆီကို တရားခံပုံတွေကို Viber ကတစ်ဆင့်ပို့ပေးတယ်။ ဒီလူဟုတ်လား၊ မဟုတ်ဘူးလား အဲ့လိုမျိုးမေးတာတွေတော့ရှိပါတယ်။ ကြာပါပြီ မပို့တော့တာက”ဟု ဒေါက်တာရွှေပြည်က ပြောသည်။

အဆိုပါ တစ်ကိုယ်တော်အနုကြမ်းစီးခဲ့သည့်အမှုမှာ ဧပြီလ ၂၆ရက်တွင် တစ်နှစ်ပြည့်ပြီဖြစ်သဖြင့် ယင်းအမှုအခြေအနေနှင့် ပတ်သက်ပြီး ကြည့်မြင်တိုင်မြို့မရဲစခန်းကို ဆက်သွယ်မေးမြန်းခဲ့ရာ “ဒီအမှုနဲ့ ပတ်သက်ပြီးတော့ စုံးစမ်းဆဲပဲ ရှိပါသေးတယ်”ဟု ရဲအုပ်အရာရှိတစ်ဦးက ဖြေကြားခဲ့သည်။

အနုကြမ်းစီးသည့်ဖြစ်စဉ်မှာ ၂ဝ၁၆ ခုနှစ်၊ ဧပြီလ ၂၆ ရက်၊ နံနက် ၉ နာရီခွဲခန့်တွင် ကြည်မြင်တိုင် မြို့နယ်၊ ဦးလူနီလမ်း၊ အိမ်အမှတ် ၂၂ ရှိ နေအိမ်၌ အသက် (၂ဝ) အရွယ်ခန့် အမည်မသိ အမျိုးသားတစ်ဦးက အသက် ၁၂ နှစ်အရွယ် ဒေါက်တာရွှေပြည်၏ သမီးဖြစ်သူကို ဓားဖြင့်ထောက်ပြီး ငွေကျပ်သိန်း ၅ဝကို အနုကြမ်းစီးခဲ့ခြင်းဖြစ်သည်။

ယင်းအနုကြမ်းစီးသူ အမျိုးသားက မိန်းကလေးငယ်ကို ဓားဖြင့်ထောက်ပြီး ဓားစာခံအဖြစ်ခေါ်ဆောင်၍ ဖခင်ဖြစ်သူကို ကားမောင်းပို့ခိုင်းကာ ဆင်မလိုက် အရိုးဆေးရုံမီးပွိုင့်အနီးတွင် ဓားနှင့် မိန်းကလေးငယ်ကို ထားခဲ့ပြီး ထွက်ပြေးလွတ်မြောက်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ တစ်ကိုယ်တော်အနုကြမ်းစီးသူ အမည်မသိတရားခံကို ကြည့်မြင်တိုင်မြို့မရဲစခန်းမှ (ပ) ၂၃၅/၂ဝ၁၆၊ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၃၉၂ ဖြင့် အမှုဖွင့်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly