သင်္ကြန်ရုံးပိတ်ရက်အလွန် နိုင်ငံသားစိစစ်ရေးကဒ်ပြားလုပ်ဆောင်သူများပြား

သင်္ကြန်ရုံးပိတ်ရက်အလွန် နိုင်ငံသားစိစစ်ရေးကဒ်ပြားလုပ်ဆောင်သူများပြား
ဓါတ်ပုံ - ပြည်ချစ်/RiA

ကျောက်တော်၊ ဧပြီ ၂၆  ။           ။ သင်္ကြန်ကာလ ရုံးပိတ်ရက်အလွန် ရခိုင်ပြည်နယ်ရှိ တစ်ချို့မြို့နယ်များတွင် နိုင်ငံသားစိစစ်ရေးကဒ်ပြားပြုလုပ်သူနှင့် အိမ်ထောင်စုစာရင်းပြုလုပ်သူများ အလွန်များပြားလျှက်ရှိကြောင်း သိရသည်။ 

နိုင်ငံသားစိစစ်ရေးကဒ်ပြား အများဆုံးလာရောက် လုပ်ဆောင်ကြသူများထဲတွင် အသက် ၁၈ နှစ်နှင့် ၃၀ နှစ်ကြားလူငယ်များဖြစ်ပြီး အများစုမှာ ရန်ကုန်နှင့်နိုင်ငံခြားသို့ အလုပ်သွားရောက်လုပ်ကိုင်ရန်အတွက် ပြုလုပ်နေကြခြင်းဖြစ်ကြောင်း သိရသည်။ 

“လူကမနေ့နဲ့ ဒီနေ့ဆိုရင် တစ်ရာကျော်၊ နှစ်ရာနီးပါးရှိမယ်ထင်တယ်။ ဒီနေ့တော့ နည်းသွားတယ်ဆိုနိုင်တယ်။ လူငယ်တွေက နိုင်ငံခြားရယ်လို့ မဟုတ်ပါဘူး။ ကျွန်တော်တို့ရွာကဆို လူငယ် ၆ ဦးလောက်ဟာ ရန်ကုန်ကိုသွားဖို့ မှတ်ပုံတင်လာလုပ် ကြတာရှိတယ်။ ဒီမှာက အလုပ်အကိုင်သိပ်မရှိတော့ဘူး။ ဒါကြောင့် တခြားနေရာတွေကို သွားပြီးလုပ်ကိုင်နေကြရတာပါ။”ဟု ကျောက်တော်မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနသို့ ရောက်ရှိနေသည့် ကျောက်တော်မြို့နယ် စိန်ခြံုကျေးရွာမှ ဒေသခံတစ်ဦးကပြောသည်။ 

ယင်းသို့လူငယ်အများစုမှာ ရန်ကုန်နှင့် နိုင်ငံခြားဒေသများသို့ သွားရောက်အလုပ်လုပ်ကိုင်ရခြင်းမှာ ရခိုင်ပြည်နယ်အတွင်း အလုပ်အကိုင်ရှားပါးခြင်း၊ ဒေသခံများအလုပ်အကိုင်ရရှိနိုင်သည့် လုပ်ငန်းများ ဖော်ဆောင်မှုအားနည်းခြင်းတို့ကြောင့် ယခုကဲ့သို့ ပြည်ပနိုင်ငံများနှင့် တခြားဒေသများသို့ သွားရောက်အလုပ်လုပ်ကိုင်နေ ကြခြင်းဖြစ်ကြောင်း သိရသည်။ 

ရခိုင်ပြည်နယ်သည် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းကို အဓိကလုပ်ကိုင်လျှက်ရှိသည့်အတွက် ယခင်က မိုးစပါးစိုက်ပျိုးရန်အတွက် လယ်သမားတစ်ဦးလျင် အနည်းဆုံး သူရင်းငှား ၃ ဦးမှ ၅ ဦးအထိ လိုအပ်ခဲ့သော်လည်း ယခုအခါ စက်များကိုအသုံးပြုလာနေကြသည့်အတွက် အလုပ်လက်မဲ့ဖြစ်နေကြသည့် လူငယ်အများစုမှာ ပြည်ပသို့သွားရောက်ကာ အလုပ်လုပ်ကိုင်ကြရခြင်းဖြစ်ကြောင်းလည်း စိန်ခြံုကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမောင်တင်အောင်က ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly