ဖခင်က အမျိုးသမီးများ တန်းတူညီမျှရေးကို ဦးစားပေးသူဖြစ်ကြောင်း အိုင်ဗန်ကာထရမ့် စကားပြောစဉ် ပရိသတ်များ ရယ်သွမ်းသွေး

ဖခင်က အမျိုးသမီးများ တန်းတူညီမျှရေးကို ဦးစားပေးသူဖြစ်ကြောင်း အိုင်ဗန်ကာထရမ့် စကားပြောစဉ် ပရိသတ်များ ရယ်သွမ်းသွေး

ဘာလင်၊ ဧပြီ ၂၆ ။               ။ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ သမီးလည်းဖြစ်ပြီး အကြံပေးလည်းဖြစ်သည့် အိုင်ဗန်ကာထရမ့်က သူ့၏ ဖခင်သည် အမျိုးသမီးများဖက်က ရပ်တည်သူဖြစ်၍ ဂုဏ်ယူရကြောင်း ဧပြီ ၂၅ ရက်က ပြောဆိုခဲ့ရာ ယင်းပြောဆိုချက်က ပရိသတ်များ၏ လှောင်ပြောင်ရယ်သွမ်းသွေးစရာဖြစ်ခဲ့သည်။

ဂျမနီနိုင်ငံ ဘာလင်တွင် ကျင်းပသော Women 20 ထိပ်သီးညီလာခံတွင် ယခုအမေရိကန်အကြီးအကဲဖြစ်သည့် ဖခင်ဖြစ်သူ ထရမ့်နှင့် ပတ်သက်ပြီး မေးမြန်းခံရချိန်တွင် အိုင်ဗန်ကာထရမ့်က ဖြေကြားမှတ်ချက်ပေးခဲ့ခြင်းဖြစ်သည်။
“သူဟာ မိသားစုများအတွက် အာဂရပ်တည်ကာကွယ်ပေးသူဖြစ်ပါတယ်။ ရှန်သန်အောင် ပြုစုပျိုးထောင်ပေးသူဖြစ်ပါတယ်။”ဟု အိုင်ဗန်ကာက ပြောသည်။

အိုင်ဗန်ကာထရမ့်က ထိုသို့ ပြောဆိုနေစဉ် တက်ရောက်လာသူများမှ တစ်ချို့သော အဖွဲ့ဝင်များက အသံထွက်ကာ ကျယ်လောင်စွာပင် ပြောင်လှောင်ရယ်သွမ်းသွေးသည်။

“မီဒီယာတွေရဲ့ ဝေဖန်သံတွေကို ကျွန်မကြားပါတယ်။ ဒါပေမယ့် ကိုယ်ပိုင်အတွေ့အကြံုအရ ကျွန်မ သိထားတယ်။ ကျွန်မအဖေဟာ သူနဲ့အတူ ဆယ်စုနှစ်များစွာ လက်တွဲလုပ်ကိုင်ကြတဲ့ အမျိုးသမီးထောင်ပေါင်းများစွာကို အမျိုးသားများနည်းတူပဲ စွမ်းဆောင်ရည်ပေါ်မှာ ယုံယုံကြည်ကြည် ဆက်ဆံခဲ့တာဖြစ်တယ်။”ဟု အိုင်ဗန်ကာက ထပ်ပြောချိန်တွင် ပရိသတ်ထံမှ ကျွတ်စီကျွတ်စီအသံများ ထပ်ပေါ်ထွက်လာခဲ့သည်။

အဆိုပါ အမျိုးသမီး ၂၀ ထိပ်သီးတွေ့ဆုံမှုတွင် အိုင်ဗန်ကာထရမ့်နှင့်အတူ ဂျာမနီဝန်ကြီးချုပ် အိန်ဂျလာမာကယ်၊ နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့အကြီးအကဲ ခရစ္စတင်းလာဂတ်နှင့် နယ်သာလန်ဘုရင်မတို့ပါ တက်ရောက်ခဲ့သည်။

ထရမ့်သည် ၂၀၀၅ ခုနှစ်အတွင်းက Access Hollywood အမေရိကန်တယ်လီဗေးရှင်းအစီအစဉ်က Billyy Bush နှင့် စကားပြောဆိုမှုတွင် “အမျိုးသမီးများက ခင်ဗျားဟာ အောင်မြင်သူတစ်ယောက်ဆိုရင် သူတို့တွေက လိင်ကိုယ်ထိလက်ရောက်ပြုမူတာကို ခွင့်ပြုမှာပဲ”ဟု ပြောဆိုခဲ့သည့် ဗီဒီယိုဖိုင်အား ၀ါရှင်တန်ပို့စ်သတင်းဌာနက ရွေးကောက်ပွဲမဲဆွယ်ကာလအတွင်း ဖော်ပြခဲ့့ဖူးသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly