ဆီးရီးယားနှင့် အီရတ်ရှိ ကာ့ဒ်လူမျိုး တိုက်ခိုက်ရေးသမားများကို တူရကီတို့ လေကြောင်းမှတိုက်ခိုက်

ဆီးရီးယားနှင့် အီရတ်ရှိ ကာ့ဒ်လူမျိုး တိုက်ခိုက်ရေးသမားများကို တူရကီတို့ လေကြောင်းမှတိုက်ခိုက်

ဧပြီ ၂၆ ။           ။ အစ္စလာမ်မစ်နိုင်ငံတော်အဖွဲ့ IS တို့အား စစ်ပွဲဆင်နွှဲရာတွင် အဓိကကျသော ကာ့ဒ်လူမျိုးတို့ နေထိုင်ရာ ဆီးရီးယားနှင့် အီရတ်ရှိ နယ်မြေများကို ပြီးခဲ့သော အင်္ဂါနေ့က တူရကီတို့ဘက်မှ တိုက်လေယာဉ်များဖြင့် တိုက်ခိုက်ခဲ့ရာ ကာ့ဒ်လူမျိုး တိုက်ခိုက်ရေးသမား နှစ်ဒါဇင်ကျော်ခန့် သေဆုံးခဲ့သည်။

တူရကီတို့ဘက်မှ ၄င်းတို့သည် ဆီးရီးယားနိုင်ငံ အရှေ့မြောက်ပိုင်းနှင့် အီရတ်နိုင်ငံမြောက်ပိုင်းရှိ အကြမ်းဖက် သမားများ ခိုလှုံရာနေရာများကို လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြောင်း ကြေညာခဲ့ပြီး ကာ့ဒ်ဒစ်စတန် အလုပ်သမားပါတီ PKK နှင့် အဆက်အသွယ်ရှိသော အဖွဲ့အစည်းများကို ဆက်လက်တိုက်ခိုက်သွားမည် ဖြစ်ကြောင်း ခိုင်ခိုင်မာမာပြောကြားခဲ့သည်။

ဆီးရီးယားအရှေ့မြောက်ပိုင်းတွင် ပြုလုပ်ခဲ့သော တိုက်ခိုက်မှုများမှာ ကာ့ဒ်လူမျိုးများ၏ကာကွယ်ရေးအဖွဲ့ YPG အား ပစ်မှတ်ထားတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး IS တို့ အခိုင်အမာထိန်းချုပ်ထားသော ရာကွာ

မြို့သို့ ထိုးစစ်ဆင်မှုများ တွင် ဦးဆောင်တိုက်ခိုက်နေသည့် YPG အဖွဲ့သား ၂၀ ကျော်ခန့် သေဆုံးခဲ့ရကြောင်း သိရသည်။

အီရတ်နိုင်ငံမြောက်ပိုင်းတွင် ပြုလုပ်ခဲ့သော တိုက်ခိုက်မှုအတွင်း တူရကီအစိုးရနှင့် မဟာမိတ်ဖြစ်သည့် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရသော ကာ့ဒ်လူမျိုးများ ပိုင်နက်မှ တပ်သား ၆ ဦး မတော်တဆသေဆုံးခဲ့ရပြီး အီရတ်အစိုးရက ယင်းဖြစ်ရပ်သည် နိုင်ငံတကာဥပဒေနှင့် အီရတ်တို့၏ အချုပ်အခြာအာဏာကို ထိပါးခြင်းဖြစ်ကြောင်း ဝေဖန်ရှုံ့ချ ခဲ့သည်။

IS တို့၏ အမာခံနယ်မြေများအပေါ် အမေရိကန်တို့ဘက်မှ ထောက်ပံ့ထားသည့် ထိုးစစ်ဆင်မှုများပြုလုပ်ရာ ဆီးရီးယားနှင့် အီရတ်တို့မှ စစ်မြေပြင် အနေအထား ခက်ခဲရှုပ်ထွေးမှုများကို ယခုလေကြောင်းတိုက်ခိုက်မှုက မီးမောင်းထိုးပြလိုက်ခြင်း ဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags