စပယ်တောင်၊ ကြေးစင်တောင်ဒေသခံများ အစိုးရရုံးရှေ့ဆန္ဒပြမည့်ကိစ္စ ဝန်ကြီးနှစ်ပါးညှိနှိုင်းကာ ပြေလည်

စပယ်တောင်၊ ကြေးစင်တောင်ဒေသခံများ အစိုးရရုံးရှေ့ဆန္ဒပြမည့်ကိစ္စ ဝန်ကြီးနှစ်ပါးညှိနှိုင်းကာ ပြေလည်

မုံရွာ၊ ဧပြီ ၂၆ ။            ။ မုံရွာမြို့နယ်ရှိ စပယ်တောင်၊ ကြေးစင်တောင် ဒေသခံများမှ တောင်းဆိုထားသော အချက်၄ချက်အား အမြန်ဆုံးဖြေရှင်းပေးရန်အတွက် ဒေသခံများက စစ်ကိုင်းတိုင်းဒေသကြီးအစိုးရရုံးရှေ့တွင် ဧပြီ ၂၆ရက်က သွားရောက်ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

ယင်းသို့ ဆန္ဒထုတ်ဖော်ရာတွင် စစ်ကိုင်းတိုင်းဒေသကြီး စည်ပင်ဝန်ကြီးဦးမြင့်ကြည် နှင့် ဆည်မြောင်းဝန်ကြီး ဦးကမ်ဇာမှုံတို့မှာ လာရောက် ညှိနှိုင်းပေးခဲ့ကြရာ ဒေသခံများနှင့် ပြေလည်မှုရရှိခဲ့ပြီး အစိုးရရုံးရှေ့သို့ ဆက်လက်ချီတက်ခြင်းမရှိဘဲ လှည့်ပြန်ခဲ့ကြသည်။

ကံကုန်းကျေးရွာသား ကိုတင့်အောင်စိုးက "စီမံကိန်းပြီးသွားရင် ဒေသခံတွေပဲ ဆိုးမွေးအားလုံးကို ခံစားရမှာ။ ဒေသခံအလုပ်သမားတွေကို ပေးနေတာက နေ့စား၊ ၃၈၀၀/၄၀၀၀ လောက်ပဲရတယ်။ ဒါနဲ့ဆိုမစားလောက်ဘူး။ ဒေသခံတွေဟာ မြေယာဆုံးရှုံးခဲ့ရသူတွေပါ။"ဟု ပြောဆိုမှုကို တိုင်းစည်ပင်သာယာရေးဝန်ကြီး ဦးမြင့်ကြည်က "ကျွန်တော်တို့ ဖြေရှင်းရေးအဖွဲ့လာကတည်းက ပြဿနာတစ်ခုတည်း ဖြေရှင်းမှာ မဟုတ်ပါဘူး။ လေးချက်ရှိရင် လေးချက်ဖြေရှင်းမှာပါ။ သုံးချက်ရှိရင်သုံးချက် ဖြေရှင်းမှာပါ။ ဖြေရှင်းနည်း ဖြေရှင်းပုံပဲ ကွာမှာပါ" ဟု ပြန်လည်ပြောကြားခဲ့သည်။ 

ဝန်ကြီးနှစ်ဦး၏ ဖြေရှင်းပေးမှုအပေါ် ကြေးစင်တောင်ဒေသခံ ကိုတင့်အောင်စိုးက "တောင်းဆိုချက်၄ချက်ကို အမြန်ဆုံးဖြေရှင်းပေးမယ်လို့ ကတိပေးတယ်။ အခုချက်ချင်းပဲ မြေပြင်ကွင်းဆင်း စစ်ဆေးပေးမယ်လို့ပြောတယ်။ ဒါ့ကြောင့်မို့ ဒေသခံတွေက တစ်ဆင့်လျှော့ချပေးခဲ့တယ်။ ထပ်ပြီး ကြန့်ကြာမှုတွေဖြစ်လာခဲ့ရင်တော့ ဆက်လက်တောင်းဆိုးသွားတယ်။" ဟု ပြောသည်။

စီမံကိန်းအတွက်သိမ်းဆည်းထားသော မြေယာများအား အမြန်ဆုံးဖြေရှင်းပေးရန်၊ နေ့စားအလုပ်သမားများအား ပါမစ်ချထားပေးရန်၊ စီမံကိန်းအကျိုးအမြတ်မှ ဒေသဖွံ့ဖြိုးရေး ၂ ရာခိုင်နှုန်း သုံးစွဲပေးရန်၊ သဘာဝပတ်ဝန်းကျင်ထိခိုက်မှု ကာကွယ်ပေးရန် တို့ကိုတောင်းဆိုခဲ့ကြခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly