စစ်ကိုင်းပညာရေးကောလိပ်အတွက် ဆန္ဒပြသည့် ကျောင်းသားအချို့ ဖမ်းဆီးခံရ

စစ်ကိုင်းပညာရေးကောလိပ်အတွက် ဆန္ဒပြသည့် ကျောင်းသားအချို့ ဖမ်းဆီးခံရ

မန္တလေး၊ဧပြီ ၂၆ ။           ။ စစ်ကိုင်းပညာရေးကောလိပ်တွင် တက်ရောက်ပညာသင်ကြားနေသည့် ကျောင်းသူ၊ ကျောင်းသားများကို ကျောင်းအာဏာပိုင်များက ဖိနှိပ်အုပ်ချုပ်မှုများရှိနေသည်ဟုဆိုကာ ဧပြီလ ၂၆ ရက်၊ နံနက် ၁၀ နာရီက မန္တလေးမြို့၊အထက်မြန်မာပြည်၊ အဆင့်မြင့်ပညာဦးစီးဌာနရှေ့၌ ကျောင်းသားအချို့ဆန္ဒပြခဲ့သည်။

ဆန္ဒပြနေသည့် ကိုဇော်ရဲထွဋ်အပါအဝင် ကျောင်းသား ၄ ဦးကို ခွင့်ပြုချက်မယူဘဲ ဆန္ဒပြနေခြင်းကြောင့် မန္တလေးခရိုင်ရဲတပ်ဖွဲ့မှ ဖမ်းဆီးခေါ်ဆောင်သွားသည်။

ဆန္ဒပြသည့်ကျောင်းသားများသည် စစ်တပ်သဏ္ဍာန် ဖိနှိပ်အုပ်ချုပ်သော ကျောင်းအုပ်ချုပ်မှု အလိုမရှိ၊လွတ်လပ်စွာ ပညာသင်ကြားခွင့်ရရှိရေး ဒို့အရေး၊ဒီမိုကရေစီအလေ့အကျင့်များ သင်ကြားလေ့ကျင့်ပေးရေး ဒို့အရေး၊ကျောင်းသားထု အခွင့်အရေး အပြည့်အဝ ရရှိရေး ဒို့အရေးဟူ၍ ကြွေးကြော်တောင်းဆိုခဲ့သည်။

"ကျွန်တော်တို့ကို အပြင်ထွက်ခွင့်၊နည်းပညာသုံးစွဲခွင့်တွေပါ ပိတ်ပင်ထားတယ်။ ပညာရေးနဲ့ ပတ်သက်ပြီး ဒီမိုကရေစီ အလေ့အကျင့်တွေနဲ့ လေ့ကျင့်သင်ကြားပေးစေချင်တယ်"ဟု ဆန္ဒပြရာတွင် ပါဝင်သည့် ကိုဇော်ရဲထွဋ်က ပြောသည်။

အဆိုပါပညာရေးကောလိပ်တွင် တစ်ပတ်နှစ်ရက် အပြင်ထွက်ခွင့်ပေးထားရာ၌ အချိန်ပြည့် ရရှိခြင်းမရှိဘဲ နံနက် ၉ နာရီမှ မွန်းတည့် ၁၂ နာရီအထိသာ ခွင့်ပြုပေးထားပြီး ဖုန်းသုံးစွဲမှုကိုလည်း တစ်ပတ် ငါးရက် ပိတ်ပင်ထားပြီ နှစ်ရက်သာ သုံးစွဲခွင့်ပြုထားခြင်းကြောင့် ကျောင်းသူ၊ ကျောင်းသားတစ်ချို့က မကျေနပ်ခြင်းဖြစ်သည်ဟု ဆန္ဒပြနေသည့် ကျောင်းသားများက ဆိုသည်။

"နည်းပညာတွေ၊ ကျွန်တော်တို့လိုအပ်တဲ့ စာအုပ်စာတမ်းအချို့ကို ဒီစမတ်ဖုန်းတွေကနေ ရှာဖွေဖတ်ရှု့နေရတယ်။ ဒါကြောင့် ဖုန်းသုံးစွဲခွင့်ကိုလည်း အပြည့်အဝပေးစေချင်သလို အပြင်ထွက်ခွင့် နှစ်ရက်ကိုလည်း အပြည့်အဝရချင်ပါတယ်"ဟု ကိုဇော်ရဲထွဋ်က ပြောသည်။

မန္တလေးခရိုင်ရဲတပ်ဖွဲ့မှူး(ယာယီ)ရဲမှူး သက်ဝင်းက "ဖမ်းတာမဟုတ်ပါဘူး။လုံခြံုစိတ်ချရတဲ့နေရာကို ခေါ်ဆောင်သွားတာပါ။ အရေးယူမယ်၊ ဖမ်းမယ်ဆိုတာတော့ ဘယ်လိုဆုံးဖြတ်မယ်ဆိုတာ မသိသေးပါဘူး။ မပြခင်ကတည်းက သူတို့ကိုပြောထားတယ်။ တရားဝင် အကြောင်းရင် ခွင့်ပြုပေးမယ်။ လုံခြံုရေးလည်းပေးမယ် ပြောထားတယ်။ ဒါကို ဥပဒေလိုက်နာခြင်းမရှိဘဲ လုပ်လို့ အခုလိုဖြစ်တာပါ"ဟု ပြောသည်။

ကျောင်းသားများဆန္ဒပြမှုနှင့်ပတ်သက်၍ အထက်မြန်မာပြည် အဆင့်မြင့်ပညာဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက "ကျွန်တော်တို့တော့ ဘာမှမသိသေးဘူး။ သူတို့ကျောင်းမှာ ဖြစ်နေတာတွေ။ ဒီလောက်ပဲ ပြောနိုင်ဦးမယ်"ဟု မီဒီယာသမားများကို ပြန်လည်ဖြေကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly