“ လွတ်ငြိမ်းချမ်းသာခွင့်၊ တရုတ်တွေ အတွက်လား”

“ လွတ်ငြိမ်းချမ်းသာခွင့်၊ တရုတ်တွေ အတွက်လား”

ပြီးခဲ့တဲ့ ဇူလိုင် ၃၀ ရက်နေ့က သမ္မတဦးသိန်းစိန် အစိုးရဟာ အများမျှော်လင့်မထားပါပဲနဲ့ အကျဉ်းသား အယောက် ၇၀၀၀ လောက်ကို လွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့ပါတယ်။ အများက မျှော်လင့်မထားကြပေမယ့် နိုင်ငံရေး လေ့လာ အကဲခတ် စောင့်ကြည့်သူတွေကတော့ အစိုးရဟာ တရုတ် နိုင်ငံသား အယောက် ၁၅၀ ကျော်ကို သစ်ခိုးထုတ်မှုနဲ့ တစ်သက် တစ်ကျွန်း အပြစ်ဒါဏ်ချပြီးနောက် သိပ်မကြာခင် လွတ်ငြိမ်းချမ်းသာခွင့် ပေးလိမ့်မယ်ဆိုပြီး မျှော်လင့်ထားကြပြီးသားပါ။ ဒါပေမယ့်လည်း ဒီလောက် မြန်မြန် လွတ်ငြိမ်းခွင့် ပေးလိမ့်မယ်၊ အခြားသောအကျဉ်းသား များစွာနဲ့ အတူ ခုလို အတူတကွ လွှတ်ပေးလိမ့်မယ်လို့တော့ ထင်မှတ် မထားကြပါဘူး။ ဇူလိုင် ၃၀ အစိုးရကနေ အကျဉ်းသားတွေကို လွတ်ငြိမ်းချမ်းသာခွင့် ပေးတာ ဘယ်လို အဓိပ္ပါယ် ဆောင်ပါသလဲ၊ ဘာအကျိုးဆက်တွေ ဆက်ဖြစ်လာနိုင်မလဲ ဆိုတာ ဒီကနေ့ ဆွေးနွေး တင်ပြသွားပါ့မယ်။ 

အခု လက်ရှိ အကျဉ်းသား ၇၀၀၀ နီးပါး လွတ်ငြိမ်းခွင့်ပေးတာနဲ့ ပါတ်သက်ပြီး အရင်တုန်းကလို ပြည်ထောင်စုနေ့၊ လွတ်လပ်ရေးနေ့ စသဖြင့် အကြောင်းချင်းရာ ခေါင်းစဉ် တစ်ခုခု တပ်ပြီး ပေးခဲ့တာမျိုး မဟုတ်ပါဘူး။ အစိုးရပိုင် သတင်းစာတွေကနေ လူသားချင်းစာနာ ထောက်ထားမှုများဖြင့် အကျဉ်းသားများအား လွတ်ငြိမ်းချမ်းသာခွင့်ပေး ဆိုတဲ့ စကားလုံးကိုပဲ သုံးစွဲခဲ့တာပါ။ လွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့တဲ့ အကြောင်းအရာနဲ့ ပတ်သက်ပြီး အစိုးရရဲ့ ဖော်ပြချက်နဲ့ ကိုက်ညီ မညီ အရင် တိုက်ဆိုင် စစ်ဆေးကြည့်ရအောင်ပါ။ အစိုးရ သတင်းထုတ်ပြန်ချက်မှာ ခုလို ဖော်ပြထားပါတယ်။ 

“ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတသည် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၂၀၄ ပုဒ်မခွဲ (က) နှင့်အညီ အကျဉ်းထောင်အသီးသီးတွင် ထိုက်သင့်သော ပြစ်ဒဏ် များကျခံပြီးဖြစ်သည့်အပြင် အကျဉ်းထောင်ကျ ခံစဉ်ကာလအတွင်း စည်းကမ်းကောင်းမွန်သည့် အကျဉ်းသား/အကျဉ်းသူ ၆၉၆၆ ဦးတို့ အား နိုင်ငံတော် တည်ငြိမ် ရေးနှင့် ထာဝရငြိမ်းချမ်း မှုဖော်ဆောင်ရေး အတွက်လည်းကောင်း၊ အမျိုးသားပြန် လည် စည်းလုံး ညီညွတ်ရေး အတွက်လည်းကောင်း နိုင်ငံရေးလုပ်ငန်းစဉ် များတွင် အားလုံး ပါဝင်နိုင်ခွင့် ရရှိစေရေး အတွက်လည်းကောင်း၊ လူသားချင်း စာနာ ထောက် ထားမှုကို အလေးပေးသော အားဖြင့်လည်းကောင်း ၂၀၁၅ ခုနှစ်၊ ဇူလိုင်လ ၃၀ ရက် (မြန်မာသက္ကရ် ၁၃၇၇ ခုနှစ်၊ ဒုတိယဝါဆိုလဆန်း ၁၄ ရက်) နေ့ တွင် ပြစ်ဒဏ် လွတ်ငြိမ်းခွင့်များပေးခဲ့ပါသည်။” လို့ ဆိုထားပါတယ်။ 

သတင်းဖော်ပြချက်မှာ “အကျဉ်းထောင်ကျ ခံစဉ်ကာလအတွင်း စည်းကမ်းကောင်းမွန်သည့် အကျဉ်းသား/အကျဉ်းသူ ၆၉၆၆ ဦး” ဆိုပြီး တိတိကျကျ ရေးသားထားပါတယ်။ ဒီ ဖော်ပြချက်အတိုင်းသာ ကြည့်ရင် သစ်ခိုးထုတ်တဲ့ တရုတ်နိုင်ငံသား ၁၅၀ ကျော်ဟာ တရားရုံးကနေ ပြစ်ဒါဏ်ချပြီးလို့ ထောင်ကျတာ (၈) ရက်ပဲ ရှိပါသေးတယ်။ ဒီ (၈) ရက်လောက်နဲ့ပဲ စည်းကမ်းကောင်းမွန်တဲ့ အကျဉ်းသားတွေအဖြစ် ဖော်ပြပြီး လွှတ်ပေးခဲ့တာဟာ ယုတ္တိ ယုတ္တာ ဆီလျော်မှု မရှိပါဘူး။ 
ပြောရရင် အစိုးရအနေနဲ့ သတင်းထုတ်ပြန်ချက်မှာ ဘယ်လိုပဲ ဖော်ပြထားပေမယ့် သစ်ခိုးထုတ်မှုနဲ့ ဖမ်းဆီးထားတဲ့ တရုတ်နိုင်ငံသားတွေကို လွှတ်ပေးချင်လို့ ခုလို အားလုံးပါဝင်တဲ့ လွတ်ငြိမ်းချမ်းသာခွင့် ပေးလိုက်တယ်လို့တော့ ကောက်ချက် ချနိုင်ပါတယ်။ 

တရုတ်နိုင်ငံသားတွေကို တရားစီရင်နေကတည်းက ကြိုတင်ပြင်ဆင်ထားခဲ့ပြီး တရားရုံးက ပြစ်ဒါဏ်ချလိုက်ပြီးတဲ့နောက် ခုလို မြန်မြန်ဆန်ဆန် လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့တာ ဖြစ်နိုင်ပါတယ်။ ဒီနေရာမှာ သစ်ခိုးထုတ်တဲ့ အဲဒီ တရုတ်နိုင်ငံသားတွေကို ခုလို မြန်မြန်ဆန်ဆန် လွတ်ငြိမ်းချမ်းသာခွင့် ပေးသင့်သလား၊ သမ္မတ ဟာ ဖွဲ့စည်းပုံက ပေးထားတဲ့ သူ့လုပ်ပိုင်ခွင့်ကို အသုံးပြုတာ မှန်သလား ဆိုတာ ဆက်ဆွေးနွေးကြည့်ရအောင်။

တကယ်တော့ တရုတ်ကုမ္ပဏီတွေ တရုတ်နိုင်ငံသားတွေဟာ မြန်မာပြည် နယ်နိမိတ်ထဲ ဝင်ပြီး သစ်နဲ့ သယံဇာတတွေ ထင်သလို ထုတ်ယူနေတာကတော့ ကာလ အလွန်ကြာမြင့်ပါပြီ။ ဒီကိစ္စ သူတို့ကိုချည်းပဲ အပြစ်ပြောလို့တော့ မရပါဘူး။ ပြည်တွင်းစစ်ဖြစ်နေတဲ့ မြန်မာဘက်အခြမ်းက တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ အကျင့်ပျက်ချစားတဲ့ အစိုးရ အရာရှိတွေကသာ သဘောမတူရင် ခုလို ဝင်ရောက်ပြီး သစ်ထုတ်ယူနိုင်မှာ မဟုတ်ဘူး ဆိုတာကတော့ ရှင်းပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် မြန်မာနိုင်ငံ မြောက်ပိုင်းက မိုးသစ်တောတွေ ပြုန်းတီးသွားတာ အပါအဝင် သဘာ၀ ပတ်ဝန်းကျင် ပျက်စီးယိုယွင်းသွားတာ အတွက် ဘယ်သူသေသေ ငတေမာရင် ပြီးရောဆိုတဲ့ တရုတ်ကုမ္ပဏီတွေနဲ့ တရုတ်နိုင်ငံသား တစ်ချို့မှာလည်း အထိုက်အလျောက် တာဝန်ရှိပါတယ်။ တရုတ်အစိုးရရော တရုတ် ကုမ္ပဏီတွေကပါ အစိုးရနဲ့ သဘောတူပြီးပဲ သစ်ထုတ်ထုတ်၊ လက်နက်ကိုင် တိုင်းရင်းသားတွေနဲ့ပဲ ညှိပြီး သစ်ထုတ်ထုတ် အားလုံး တရားဝင်တယ် ဆိုတဲ့ ပေါ်လစီ ချပြီး သစ်တွေ ခိုးထုတ်နေတာ ကာလ ကြာပါပြီ။ အဲဒီလို အခြေအနေကမှ ပြီးခဲ့တဲ့ နှစ်ဆန်း သက်သေခံ ကားတွေ၊ ယန္တယားတွေနဲ့ တကွ သစ်ခိုးထုတ်တဲ့ တရုတ်နိုင်ငံသား ၁၅၀ ကျော် ဖမ်းဆီးရမိမှုဟာ သမိုင်းမှာ သစ်ခိုးတဲ့ တရုတ်နိုင်ငံသား အများဆုံး ဖမ်းဆီးရမိမှု ဖြစ်ခဲ့ပါတယ်။ ဒီမှုခင်းကိုသာ ကောင်းကောင်းကိုင်တွယ်၊ တရုတ်နိုင်ငံသားတွေကို ထိုက်သင့်တဲ့ ပြစ်ဒါဏ်တွေ အထိုက်အလျောက် ပေးနိုင်ခဲ့ရင် တရုတ်နယ်စပ်က တရားမဝင် သစ်ခိုးထုတ်နေတာတွေ လျော့ပါးကောင်း လျော့ပါးသွားဖွယ်ရာ ရှိပါတယ်။ 

ဒါပေမယ့် အားလုံး မျှော်လင့်ထားသလိုပါပဲ။ ခုလို အချုပ်အခြာ အာဏာ ပိုင်စိုးမှု ချိုးဖေါက်ပြီး မြန်မာ့နယ်မြေထဲ သစ်ခိုးထုတ်တဲ့ တရုတ်နိုင်ငံသားတွေကို ပြည်တွင်း တည်ဆဲ ဥပဒေနဲ့ အပြစ်ဒါဏ်ပေးလိုက်တဲ့ ကိစ္စ တရုတ်အစိုးရ မကျေမနပ် ဖြစ်ပါတယ်။ တရုတ် မီဒီယာတွေ မကျေမချမ်း ရေးကြပါတယ်။ မြန်မာသံအမတ်ကို ခေါ်ယူ သတိပေး ပြောဆိုပါတယ်။ ထောင်ချလိုက်တဲ့ တရုတ်နိုင်ငံသားတွေ လွှတ်ပေးဖို့ တောင်းဆိုပါတယ်။ ဒီလို ပြောဆိုပြီးနောက် တရုတ်နိုင်ငံထဲ ဖမ်းထားတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမား ၂၀၀ ကျော် လွှတ်ပေးပါတယ်။ အဲ နောက်ဆက်တွဲ အနေနဲ့ ခုလို ပြစ်ဒါဏ်ချလိုက်တာ ၁၀ ရက်တောင် မရှိသေးတဲ့ တရုတ်တွေကို မြန်မာအစိုးရက လွတ်ငြိမ်းခွင့်ပေးလိုက်တာပါပဲ။ ဒီ လုပ်ရပ်ကိုကြည့်ရင် မြန်မာအစိုးရဟာ ကိုယ့်ရပ်တည်ချက်ကို ကိုယ် ပိုင်ပိုင်နိုင်နိုင် ဆုတ်ကိုင်ထားနိုင်ပုံ မပေါ်ဘူး ဆိုတာကို ပြသနေတဲ့ သဘောလည်း သက်ရောက်ပါတယ်။ ဒီ လုပ်ရပ်ကြောင့် မြန်မာ့နယ်စပ် သစ်ခိုးထုတ်မှု လျော့နည်း ပပျောက်သွားဖို့ မမျှော်မှန်းနိုင်တော့တဲ့ အပြင်၊ တရုတ် အစိုးရဟာ မြန်မာအစိုးရကို ဘယ်နည်းနဲ့မှ တန်းတူသဘောထား လေးစားဖို့ မဖြစ်နိုင်တော့ သလောက်ပါပဲ။

နောက်ပြသနာ တစ်ခုက သမ္မတ ရဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပုဒ်မ ၂၀၄ (က) ကို အသုံးပြုပုံပါ။ တရားရုံးတွေ ဘယ်လိုပင် စီရင်ပါစေ၊ သမ္မတ အနေနဲ့ သူ့သဘောနဲ့သူ လွတ်ငြိမ်းခွင့်ပေးနိုင်တယ် ဆိုတာပါပဲ။ ဒါကြောင့်လည်း အခုနောက်ပိုင်း ပြစ်မှု တစ်ခုခု ကျူးလွန်ပြီး တရားရုံးရောက်သွားရင်၊ အဲဒီ ပြစ်မှုတွေနဲ့ ပတ်သက်ပြီး အစိုးရကို အကူအညီတောင်းရင် အစိုးရ တာဝန်ရှိသူတွေက တရားစီရင်တာကို စောင့်ပါ၊ အယူခံ ဆက်မတက်ပါနဲ့၊ တရားရုံးမှာ တရားစီရင်ပြီးရင် သမ္မတ က လွတ်ငြိမ်းခွင့်ပေးလိုက်လို့ရတယ်၊ ဆိုပြီး ပြောဆိုမှုတွေ ကြားရပါတယ်။ တကယ်လည်း အဲလို လုပ်ကိုင်ဆောင်ရွက်နေတာ တွေ့နေရတာမို့ သမ္မတ ရဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပုဒ်မ ၂၀၄ (က) ကျင့်သုံးမှုနဲ့ ပတ်သက်ပြီး အသေအခြာ ပြန်လည် ဆန်းစစ်သင့်ပါကြောင်း သုံးသပ်တင်ပြလိုက်ရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags