မြို့နယ် ဥပဒေအရာရှိတစ်ဦးနှင့် ရဲအရာရှိတစ်ဦးအား အဂတိလိုက်စားမှု ဥပဒေဖြင့် အရေးယူ

မြို့နယ် ဥပဒေအရာရှိတစ်ဦးနှင့် ရဲအရာရှိတစ်ဦးအား အဂတိလိုက်စားမှု ဥပဒေဖြင့် အရေးယူ

နေပြည်တော်၊ ဧပြီ ၂၄ ။              ။ နေပြည်တော်ကောင်စီနယ်မြေတွင် မြို့နယ် ဥပဒေအရာရှိတစ်ဦးနှင့် ရဲအရာရှိတစ်ဦးအား အဂတိလိုက်စားမှု ဥပဒေဖြင့် အမှုဖွင့်ထားကြောင်း ဇဗ္ဗူသီရိမြို့နယ် မြို့မရဲစခန်းမှ စခန်းမှူး ဒုရဲမှူးမြင့်ဌေးမှ မဇ္ဈိမသို့ပြောသည်။

“ဖွင့်တာကတော့ ကျွန်တော်တို့ဆီမှာ လာဖွင့်တာမှန်ပါတယ်။ ဟိုဖြစ်စဉ်ရယ်လို့တော့ ကျွန်တော်တို့ကမသိဘူးခင်ဗျ။ အဂတိကနေပြီးတော့ စစ်ဆေးပြီးတော့ လာဖွင့်တာခင်ဗျ။ ကျွန်တော်တို့စစ်တာတော့ မဟုတ်ပါဘူး။ ဖွင့်ထားပါတယ်ခင်ဗျ” ဟုပြောသည်။

ဖြစ်စဉ်မှာ နေပြည်တော်ကောင်စီနယ်မြေ ဇဗ္ဗူသီရိမြို့မအမှတ်(၁) ရဲစခန်း (ပ)၂၁၆/ ၂၀၁၆ အမှုအား တရားစွဲဆိုခြင်း မပြုမီ ဥပဒေအကြံပြု ပြန်ကြားရန်အတွက် ဆောင်ရွက်ရာတွင် ၎င်းအမှုမှ တရားခံဦးဖိုးလုံး၏ သားမတ်ဖြစ်သူ ဦးသက်ထွန်းအောင်ထံမှ လုပ်ပိုင်ခွင့် အာဏာကို အသုံးပြု၍ ငွေကျပ် သိန်း(၂၀)ကို လာဘ်ငွေအဖြစ် ရ.၁၂.၂၀၁၆ ရက်နေ့ ၁၁နာရီ အချိန်ခန့်တွင် တောင်းခံရယူခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သဖြင့် နေပြည်တော် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် စစ်ဆေးရေးမှူးအောင်မြင့်ဇော်မှ တရားလိုပြုလုပ်တိုင်တန်းသဖြင့် ဇဗ္ဗူသီရိမြို့နယ် ဥပဒေရုံးမှ မြို့နယ် ဥပဒေအရာရှိ(ဥ-၂၇၂၀) ဦးကျော်သူယျာဝင်း (ယခုဦးစီးအရာရှိ၊ ဒက္ခိဏခရိုင်ဥပဒေရုံး) ကို ပ/၂၀၁/၂၀၁၇၊ ၂၀၁၃ခုနှစ်၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေ ပုဒ်မ-၅၆ဖြင့် ၂၂.၄.၂၀၁၇ ရက်နေ့တွင် အမှတ်(၁) မြို့မရဲစခန်းတွင် အမှုဖွင့် အရေးယူထားကြောင်း ရဲမှတ်တမ်းတွင် ပါရှိပါသည်။

ထပ်မံပြီး အဆိုပါစခန်း၏ (ပ) ၂၁၆/၂၀၁၆ ပုဒ်မ ၄၂၀/ ၄၆၈ အမှုမှ တရားခံ ဦးဖိုးလုံး၏ သားမက်ဖြစ်သူ ဦးသက်ထွန်းအောင်ထံမှ စုစုပေါင်း ငွေကျပ် (၆)သိန်း ကိုးသောင်းကျပ် ၊အမှတ်(၁) မြို့မရဲစခန်းတွင် တာဝန်ထမ်းဆောင်နေသည့် အမှုစစ် ဒုရဲအုပ်တစ်ဦးက တောင်းယူထားကြောင်း အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် စစ်ဆေးရေးမှူး ဦးစိုးသန်းက ၂၀၁၃ခုနှစ် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေဖြင့် အရေးယူပေးပါရန် တိုင်တန်းသဖြင့် အမှတ်(၁) မြို့မရဲစခန်း (ပ) ၂၀၀/၁၇ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေ ပုဒ်မ (၅၇) ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သိရသည်။

အဆိုပါ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေများဖြင့် ရဲအရာကို ၂၁ရက်နေ့တွင် အမှုဖွင့်ခဲ့ပြီး ဥပဒေအရာရှိ တစ်ဦးကို ၂၂ရက်တွင် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်မှု မှ တရားလို ပြုလုပ်ကာ ဇဗ္ဗူသီရိ မြို့မ ရဲစခန်းတွင် အမှုလာဖွင့်သွားကြောင်း ဒုရဲမှူးမြင့်ဌေးမှ ဆိုသည်။

“ရဲအရာရှိကိုတော့ ၂၁ရက်နေ့ကဖွင့်တယ်ဗျာ နောက်ဥပဒေအရာရှိကိုတော့ ၂၂ရက်နေ့မှာ လာဖွင့်ပါတယ်” ဟုပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly