အထည်ချုပ်စက်ရုံများတွင် အမျိုးသမီးအလုပ်သမားများ ဖိနှိပ်ခံနေရဟု ဆို

အထည်ချုပ်စက်ရုံများတွင် အမျိုးသမီးအလုပ်သမားများ ဖိနှိပ်ခံနေရဟု ဆို

 ရန်ကုန်၊ ဧပြီ၂၅ ။            ။ အမျိုးသမီးအလုပ်သမားများ အများဆုံးလုပ်ကိုင်ကြသော အထည်ချုပ်စက်ရုံများတွင် အမျိုးသမီးများအပေါ် ဖိနှိပ်မှုများ ကြံုတွေ့့နေရကြောင်း မြန်မာအမျိုးသမီးသမဂ္ဂကပြုလုပ်ထားသည့် ရုပ်သံမှတ်တမ်းနှင့် သုတေသနစာတမ်းများ၌ ဖော်ပြထားသည်။

ရုပ်သံမှတ်တမ်း နှင့် သုတေသနစာတမ်းတွင် လုပ်ငန်းခွင်ထဲက အမျိုးသမီးအလုပ်သမားများ ကြံုတွေ့နေရသည့် ရုပ်ပိုင်းဆိုင်ရာ နှုတ်ပိုင်းဆိုင်ရာ ချိုးဖောက်မှုအခြေအနေများ၊အနိမ့်ဆုံးလုပ်ခလစာပြဿနာများ၊ စက်ရုံများ၏ သန့်ရှင်းရေးနှင့် လုံခြံုရေးအဆင့်အတန်းများကို ပိုမိုကောင်းမွန်စေရန် ဆောင်ရွက်ပေးရန်အတွက် တောင်းဆိုထားမှုများ ပါဝင်နေသည်။

"လုပ်ငန်းခွင်ရဲ့ အခြေအနေတွေလည်းရှိတယ်။ ပြီးတော့ သူတို့ရဲ့ကျန်းမာရေး တချို့ဆိုလို့ရှိရင် လူမှုဖူလုံရေးကြေးပေးနေရတယ်။ ဒါပေမဲ့ ကဒ်မရသေးတာ ရှိတယ်။ ကဒ်လည်းရပြီးရင်တောင်မှ လူမှုဖူလုံရေးဆေးရုံက ဘယ်နားရှိလဲမသိဘူး ဆိုတဲ့ဟာရှိမယ်။ ပြီးတော့ ခွင့်ရက်တွေ ယူရကောင်းမှန်းမသိဘူး။ အလုပ်ရှင်ကလည်း မပြောပြတဲ့ဟာတွေရှိမယ်။ အဲ့လိုမျိုး အများကြီးရှိမယ်" ဟု မြန်မာအမျိုးသမီးသမဂ္ဂမှ သုတေသနပြုလုပ်သူ မအိမွန်ဖြိုးက ပြောသည်။

ပြုပြင်ပြောင်းလဲမှုနောက်ကွယ်မှ အမေ့လျော့ခံ အမျိုးသမီးအလုပ်သမများ ရုပ်သံမှတ်တမ်းနှင့် သုတေသနစာတမ်းကို ဧပြီလ ၂၅ ရက်နေ့ Orchid Hotel ၌ မြန်မာအမျိုးသမီးသမဂ္ဂအဖွဲ့က သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါရုပ်သံမှတ်တမ်းကို မြန်မာအမျိုးသမီးသမဂ္ဂက ရိုက်ကူးထားပြီး စက်ရုံများမှ အမျိုးသမီးအလုပ်သမားများကလည်း ပါဝင်ကူညီဆောင်ရွက်ပေးထားသည်။

မင်္ဂလာဒုံမြို့နယ်ရှိ အထည်ချုပ်စက်ရုံတစ်ခုတွင် လုပ်ကိုင်နေသော မဝတ်ရည်က "စက်ရုံက ဖူလုံရေးကဒ် ထုတ်ပေးမယ်ဆိုမှ ဆေးခွင့်ပေးမယ်ဆိုတာ ရှိပါတယ်။ နည်းနည်းကျွန်မ ကြိုးစားကြည့်တဲ့အခါ မအောင်မြင်ဘူး။ သူက အလုပ်သမားတော်တော်များများကို ဖူလုံရေးကဒ် ထုတ်မပေးဘူး။ အဲ့ပြဿနာရှိနေတယ်။ အဲ့တာကြောင့် အလုပ်ထုတ်ခံရတာပေါ့နော်" ဟု ပြောသည်။

စက်ရုံများမှ အမျိုးသမီးအလုပ်သမားများသည် တစ်ပတ်တွင် ၆ ရက် အလုပ်ဆင်းရပြီး အစားစားချိန် အိမ်သာသွားချိန်မရရှိဘဲ အလုပ်ချိန် ၁၁ နာရီ အလုပ်လုပ်ပေးရန် ဖိအားပေးခံနေရကြောင်း အဆိုပါ သုတေသနစာတမ်း၌ ဖော်ပြထားသည်။ ထို့အပြင် စက်ရုံများက အလုပ်သမားများဆီမှ လူမှုဖူလုံရေးအနေဖြင့် လစာ၏ ၂ ရာခိုင်နှုန်းကို ဖြတ်ယူထားသော်လည်း ကျန်းမာရေးစောင့်ရှောက်မှု၊ မီးဖွားခွင့်၊ အသက်အာမခံကြေးနှင့် လုပ်ငန်းခွင် ထိခိုက်မှုအတွက် နစ်နာကြေးကဲ့သို့ လူမှုဖူလုံရေး အကျိုးခံစားခွင့်များ မရရှိကြကြောင်း သုတေသန စာတမ်း၌ ဖော်ပြထားသည်။

အမျိုးသမီးအလုပ်သမားများအနေဖြင့် လုပ်ငန်းခွင် လုံခြံုမှုနှင့် ကာကွယ်စောင့်ရှောက်ပေးမှုများ ရရှိစေရေး၊ လေးစားအသိမှတ်ပြုခံရပြီး လူ့ဂုဏ်သိက္ခာနှင့်အညီ အလုပ်လုပ်ခွင့်ရှိကြောင်း သိစေလိုသည့်အတွက် ယခုလို ပြုလုပ်ရခြင်း ဖြစ်ကြောင်း မြန်မာအမျိုးသမီးသမဂ္ဂဥက္ကဌ ဒေါ်တင်တင်ညိုကပြောသည်။

အဆိုပါ ရုပ်သံမှတ်တမ်းကို နှစ်လခွဲကြာအောင်ရိုက်ကူးထားပြီး ရန်ကုန်မြို့စက်ရုံ ၁၃ ရုံမှ အမျိုးသမီးအလုပ်သမား ၆၆ ယောက်၏ လုပ်ငန်းခွင် အတွေ့အကြံုများ၊ တောင်းဆိုမှုများကို ဖော်ပြထားသည်

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly