ဒရိုင်ဘာဖြစ်သူက ကလေးငယ် ၄ဦးအား အဓမ္မပြုကျင့်သည့်အပြင် ဓမ္မတာနှင့် ဆန့်ကျင်သည့် ညစ်ညမ်းအပြုအမူများ စေခိုင်းခဲ့ဟု လိုပြသက်သေထွက်ဆို

ဒရိုင်ဘာဖြစ်သူက ကလေးငယ် ၄ဦးအား အဓမ္မပြုကျင့်သည့်အပြင် ဓမ္မတာနှင့် ဆန့်ကျင်သည့် ညစ်ညမ်းအပြုအမူများ စေခိုင်းခဲ့ဟု လိုပြသက်သေထွက်ဆို

ရန်ကုန်၊ ဧပြီ ၂၅ ။            ။ ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တစ်ထောင်မြို့နယ်တွင် မွေးစားထားသည့် ကလေးငယ် ၄ ဦးကို အဓမ္မပြုကျင့်သည့်အပြင် ဓမ္မတာနှင့် ဆန့်ကျင်သော ညစ်ညမ်းသည့် အပြုအမှုများ စေခိုင်းခဲ့သည်ဟု ကလေးငယ်များကို မွေးစားမိခင်မရှိသည့်အချိန် ထိန်းကျောင်းပေးသည့် ဒေါ်မာမာညိုက ဧပြီလ ၂၅ ရက်က ရန်ကုန်အရှေ့ပိုင်းခရိုင်တရားရုံးတွင် တရားလိုပြသက်သေအဖြစ် ထွက်ဆိုအစစ်ဆေးခံခဲ့သည်။

ဒရိုင်ဘာဖြစ်သူ လှမိုး(ခ) နီတွတ်က ထိုကဲ့သို့ ပြုမူများကို ကလေးငယ်နှစ်ဦးက မိမိအား ပြောပြခဲ့သဖြင့် သိရှိခဲ့ရခြင်းဖြစ်ကြောင်း ဒေါ်မာမာညိုက ခရိုင်တရားရုံးတွင်ထွက်ဆိုခဲ့သည်။

ဒေါ်မာမာညိုသည် ကလေးငယ်များမွေးစားမိခင် အိမ်ရှင်ဒေါ်ခမ်း၏ မိခင်ဖြစ်သူနှင့် ရင်းနှီးသဖြင့် ဗိုလ်တစ်ထောင်လမ်းသွယ် ၂ ရှိနေအိမ်တွင် အခန်းလွတ်သဖြင့် ၎င်းအား နေထိုင်စေခဲ့ကာ အိမ်ရှင်ဒေါ်ခမ်းမရှိချိန်တွင် ကလေးငယ်များကို ကြည့်ရှုစောင့်ရှောက်ပေးရခြင်းသည်။ ထိုကဲ့သို့ဖြစ်ပွားခြင်းမှာလည်း ၎င်းနေထိုင်သည့် လမ်းသွယ် ၂ အိမ်တွင် မဟုတ်ဘဲ အိမ်ရှင်ဒေါ်ခမ်း နေအိမ်ဖြစ်သည့် လမ်းသွယ် ၃ ရှိနေအိမ်တွင် ဖြစ်ပွားခြင်းဖြစ်ကြောင်း ဒေါ်မာမာညိုက ပြောသည်။

“ကလေးတွေက အမြဲတမ်း သူတို့မွေးစားအမေ ပြန်လာလို့ ခေါ်ရင် သူတို့သွားရတယ်။ ကလေးတွေ ကျွန်မဆီ ပြန်လာရင် အကျိုးအကြောင်းတွေ ပြန်ပြောပြတယ်။ ဘယ်သူကဘယ်လို၊ ကားသမားကဘယ်လို ဆိုတာတွေ ပြောတယ်။ ရ နှစ်ရှိတဲ့ ကလေးဆိုရင် မီးဖိုချောင်တံခါးပိတ်ပြီးတော့ ရေချိုးခန်းထဲမှာပေါ့။ နောက်တစ်ခါ လူရှိနေတယ်ဆိုရင် ကားသမားက ပါးစပ်ပိတ်ပြီးတော့ လုပ်တယ်လို့ ပြောတယ်။ ဘာလို့မအော်လဲမေးတော့ ပါးစပ်ကို လက်ဝါးနဲ့ ပိတ်ထားတယ်တဲ့။ အတင်းအဓမ္မ လုပ်တယ်လို့ပြောတယ်” ဟု ဒေါ်မာမာညိုက တရားရုံးတွင် ထွက်ဆိုခဲ့သည့်အကြောင်း မဇ္ဈိမကမေးမြန်းခဲ့ရာ ဖြေကြားခဲ့သည်။

အဆိုပါအမှုုနှင့်ပတ်သက်ပြီး တရားလိုပြသက်သေအဖြစ် ဒေါ်မာမာညိုကို ဆက်လက်စစ်ဆေးရန် မေလ ၄ ရက်တွင် ထပ်မံရုံးချိန်းလိုက်ပြီး ယင်းအမှုကို အရှေ ့ပိုင်းခရိုင်တရားရုံး ဒုတိယခရိုင်တရားသူကြီး ဦးဝင်းနိုင်က စစ်ဆေးဆောင်ရွက်နေကာ တရားလိုဘက်မှ  ခရိုင်ဥပဒေအရာရှိ ဒေါ်နှင်းမိုးခိုင်က လိုက်ပါဆောင်ရွက် နေခြင်းဖြစ်သည်။

ကလေးများအား ယင်းကဲ့သို့ အဓမ္မပြုကျင့်ခြင်း၊ ဓမ္မတာနျင့် ဆန့်ကျင်သည့်အပြုအမူများစေခိုင်းခြင်းတို့ကို ကလေးငယ်များ ပြောပြသဖြင့် သိရှိ၍ လူမှုဝန်ထမ်း ဦးစီးဌာနမှ ကလေးသူငယ်ကြီးကြပ်ရေးမှူး ဒေါ်စိုးစိုးထိုက်က တရားလိုပြု လုပ်တိုင်ကြားခဲ့ခြင်းဖြစ်သည်။

လှမိုး(ခ) နီတွတ်ကို မုဒိမ်းမှုဖြင့် ဗိုလ်တထောင်မြို့မရဲစခန်းမှ ဇန်နဝါရီလ ၂၅ ရက်နေ့တွင် ဖမ်းဆီးခဲ့ပြီး အရှေ ့ပိုင်းခရိုင်တရားရုံးတွင် ရာဇသတ်ကြီးပုဒ်မ ၃၇၆/၃၇၇ ဖြင့် တရားစွဲဆိုခဲ့ကာ ရာဇသတ်ကြီးအမှုအမှတ် ၂၅/၁၇ နှင့် ၅၃/၁၇ ဖြင့် လက်ခံစစ်ဆေးနေခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly