မြောက်ကိုရီးယား စစ်တပ် တည်ထောင်မှု ၈၅ နှစ်ပြည့်အဖြစ် ကျည်စစ်ဖြင့် စစ်ရေးလေ့ကျင့်မှု အကြီးစားပြုလုပ်

မြောက်ကိုရီးယား စစ်တပ် တည်ထောင်မှု ၈၅ နှစ်ပြည့်အဖြစ် ကျည်စစ်ဖြင့် စစ်ရေးလေ့ကျင့်မှု အကြီးစားပြုလုပ်

ပြံုယမ်း၊ ဧပြီ ၂၅ ။          ။ မြောက်ကိုရီးယားနိုင်ငံက ၎င်း၏ စစ်တပ် တည်ထောင်မှု ၈၅ နှစ်မြောက်အဖြစ် ကျည်စစ်ဖြင့် အကြီးစားစစ်ရေးလေ့ကျင့်မှုအား အရှေ့ပိုင်း ဝန်ဆန်မြို့အနီးတွင် ဧပြီ ၂၅ ရက်က ဆင်နွှဲပြုလုပ်ခဲ့ကြောင်း တောင်ကိုရီးယား ယွန်ဟတ်သတင်းဌာနက ဖော်ပြသည်။

တာဝေးပစ်အမြောက်တပ်ရင်းတပ်ဖွဲ့ ၃၀၀ နှင့် ၄၀၀ ကြားလည်း အဆိုပါ စစ်ရေးလေ့ကျင့်မှုတွင် ပါဝင်ပြီး ပြံုယမ်းက လုပ်ဆောင်ခဲ့သော ကျည်စစ်စစ်ရေးလေ့ကျင့်မှုများအနက် အကြီးဆုံးစစ်ရေးလေ့ကျင့်မှုလည်း ဖြစ်ဖွယ်ရှိကြောင်း တောင်ကိုရီးယားအစိုးရသတင်းရင်းမြစ်တစ်ရပ်က ပြောသည်။

အမေရိကန်နှင့် ၎င်း၏ မဟာမိတ် တောင်ကိုရီးယားနိုင်ငံတို့က ယခုမြောက်ကိုရီးယားနိုင်ငံ၏ စစ်ရေးလေ့ကျင့်မှုက အမြောက်တိုက်ခိုက်ခြင်းအတွက် ခြိမ်းခြောက်မှုတစ်ရပ်အဖြစ် ရှုမြင်ကြသည်။
အဆိုပါ စစ်ရေးလေ့ကျင့်မှုသို့ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံးအွန်လည်း တက်ရောက်ဖွယ်ရှိကြောင်း ခန့်မှန်းရသည်။

မြောက်ကိုရီးယား၏ ယခုစစ်ရေးလေ့ကျင့်မှုကို တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီးဌာနက အတည်မပြုသော်လည်း “မိမိတို့ စစ်တပ်အနေဖြင့် မြောက်ကိုရီးယားဖက်က စစ်ရေးလှုပ်ရှားမှုများကို အနီးကပ် စောင့်ကြည့်နေပြီး သတိမြဲမြံစွား ထားလျက်ရှိကြောင်း” EFE သို့ အလေးထားပြောခဲ့သည်။

မြောက်ကိုရီးယားနိုင်ငံအနေဖြင့် ၎င်း၏ ဒုံးကျည်စမ်းသပ်မှုများနှင့် နျူကလီးယားစမ်းသပ်မှုသစ် လုပ်ဆောင်နိုင်ခြေကြောင့် ဒေသတွင်း တင်းမာမှုများ ရေချိန်မြင့်နေချိန်၌ ယခုစစ်ရေးလေ့ကျင့်မှုကို လုပ်ဆောင်လာခဲ့ခြင်းလည်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly