ဗိုလ်အောင်ဒင် နာမည်ယူသုံးခြင်းကိစ္စ အပြန်အလှန် ကျေအေး

ဗိုလ်အောင်ဒင် နာမည်ယူသုံးခြင်းကိစ္စ အပြန်အလှန် ကျေအေး
ဓာတ်ပုံ-သက်ကို

ရန်ကုန်၊ ဧပြီ ၂၅ ။              ။ အဆိုတော် မနော၏ ဗိုလ်အောင်ဒင် တေးသီချင်းခေါင်းစဉ်သည် ဆရာကြီးရွှေဒုံးဘီအောင် ၏ စကားလုံးဖြစ်ပြီး ခွင့်ပြုချက်မရှိဘဲ သုံးစွဲနေသည့်အတွက် ညှိနှိုင်းဆွေးနွေးပေးရန် ဂီတ အစည်းအရုံးသို့ တိုင်ကြားလာသည့်အတွက် ဧပြီ ၂၅ရက်က တွေ့ဆုံဆွေးနွေးခဲ့ကြသည်။ 

ထိုဆွေးနွေးပွဲတွင် ဂီတအစည်းအရုံးမှ တာဝန်ရှိသူများရှေ့မှောက်၌ ဆရာကြီး ရွှေဒုံးဘီအောင် ၏ မိသားစုဝင်နှင့် တေးရေးသဟာအောင်တို့မှ အပြန်အလှန် ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။ 

ဆွေးနွေးပွဲအပြီးတွင် တေးရေး သဟာအောင်မှ ဗိုလ်အောင်ဒင်နာမည် ယူသုံးစွဲမိသည့် အတွက် တောင်းပန်ကြောင်း ကြေးမုံသတင်းစာတွင် ထည့်သွင်းပေးမည်ဖြစ်ကြောင်း နှင့် ဆရာကြီး ရွှေဒုံးဘီအောင်ကို လေးစားသည့်အနေဖြင့် တတ်နိုင်သည့် အနုပညာကြေးဖြင့် ကန်တော့ခဲ့သည်။

တေးရေး သဟာအောင်က "သတင်းစာမှာ တောင်းပန်ကြောင်းထည့်ပေးရင် ကျေအေးပေးမယ်ဆိုတာနဲ့ သတင်းစာထဲထည့်ပြီး တောင်းပန်ပေးမှာပါ။ သီချင်းရေးသူက အဓိက တာဝန်ရှိတာဆိုတော့ အားလုံးကိုယ်စား ကျွန်တော်ကလာတောင်းပန်တာပါ။ ရည်ရွယ်ချက်နဲ့လုပ်တာ မဟုတ်တဲ့အတွက် နောက်ဆိုတခုခုကို မှီငြမ်းအသုံးပြုမယ်ဆို သေချာလိုက်စုံစမ်းပြီး သေချာခွင့်တောင်းပြီးမှ လုပ်ရမှာပါ" ဟု ပြောသည်။ 

ဆရာကြီး ရွှေဒုံးတင်အောင်၏ ချွေးမဖြစ်သူ ဒေါ်အေးအေးပိုက"တေးရေးသဟာအောင်က သူမသိလို့ သုံးစွဲမိတာပါလို့ တောင်းပန်တယ်။ ကြေးမုံ သတင်းစာထဲမှာလဲ တောင်းပန်ကြောင်း ထည့်ပေးမယ် မသိလို့ သုံးစွဲတာလည်းဖြစ်တော့ အန်တီတို့ဘက်က ကျေနပ်ပါ တယ်" ဟု ပြောသည်။ 

တေးရေး သဟာအောင်ရေးသားပြီး အဆိုတော်မနော သီဆိုထားသည့် ဗိုလ်အောင်ဒင်တေးသီချင်းသည် လက်ရှိတွင် လူအများကြား၌ အောင်မြင်ကျော်ကြားနေသည့် တေးသီချင်းတစ်ပုဒ်လည်း ဖြစ်သည်။ 

ထိုတိုင်ကြားစာကို ဆရာကြီးရွှေဒုံးဘီအောင်၏ မြေးဖြစ်သူ မခင်သန့်စင်အောင်မှ ဧပြီ ၅ရက်တွင် ဂီတအစည်းအရုံးသို့ ပေးပို့တိုင်ကြားခဲ့ခြင်း ဖြစ်သည်။ 

ဝတ္တုဇာတ်ညွှန်း ဒါရိုက်တာ အကယ်ဒမီ ရွှေဒုံးဘီအောင်သည် ဗိုလ်အောင်ဒင် ဇာတ်လမ်းကို ဝတ္တုအဖြစ် ပုံဖော်ရေးသားခဲ့ပြီး နောက်ပိုင်းတွင် ရုပ်ရှင်အဖြစ် ရိုက်ကူးခဲ့ရာမှာတော့ အောင်မြင်ကျော်ကြားခဲ့သည့် ဇာတ်ကားတစ်ကားဖြစ်ခဲ့သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly