ဂျိုလီ၏ ကချင်ပြည်နယ်ခရီးစဉ် ဒုက္ခသည်များနှင့် သီးသန့်တွေ့ဆုံ

ဂျိုလီ၏ ကချင်ပြည်နယ်ခရီးစဉ် ဒုက္ခသည်များနှင့် သီးသန့်တွေ့ဆုံ
ဓာတ်ပုံ-Chyang Ngau Shiga

ချင်းမိုင် (မဇ္ဈိမ) ။ ။ UNHCR ၏ အထူး သံတမန် ကမ္ဘာကျော် မင်းသမီး အင်ဂျလီနာဂျိုလီသည် ကချင်ပြည်နယ် မြစ်ကြီးနားမြို့ရှိ ကချင်စစ်ပြေးဒုက္ခသည်များသို့ သွားရောက်၍ ဒုက္ခသည်များနှင့် သီးသန့် တွေ့ဆုံမေးမြန်းခဲ့သည်ဟု သိရသည်။

ဇူလိုင်လ ၃၀ ရက် မွန်းလွဲပိုင်း ၃ နာရီမှ ၄ နာရီထိ တစ်နာရီကြာ မြစ်ကြီးနားမြို့ ဂျန်မိုင်ကောင်းရပ်ကွက်ရှိ ကချင်စစ်ပြေး ဒုက္ခသည်များထံသို့ ကိုယ်တိုင်သွားရောက် မေးမြန်း၍ ဒုက္ခသည်စခန်းများ လေ့လာ ကြည့်ရှုခဲ့သည်ဟု ဂျန်မိုင်ကောင်း ဒုက္ခသည်စခန်းမှ ဓမ္မဆရာ ဦးအောင်မြတ်က မဇ္ဈိမကို ပြောသည်။

“ကျနော်တို့နဲ့ ကော်မတီတွေနဲ့ ထွေထွေထူးထူးတွေ့တာတော့ မရှိဘူး။ သူစခန်းထဲ လိုက်တွေ့ချင်တဲ့လူနဲ့ လိုက်တွေ့တယ်။ သူတို့လိုက်တွေ့တဲ့အချိန် လိုက်တာမျိုးမရှိဘူး။ သူတို့ လွတ်လွတ်လပ်လပ် စကားပြောချင်တယ်ဆိုလို့ ကျနော်တို့နဲ့ လုံခြုံရေးယူပေးတဲ့ ရဲကအစ၊ မီဒီယာကအစ တယောက်မှ လိုက်သွားခြင်း မရှိပါဘူး၊ ဒုက္ခသည်တွေနဲ့ သီးသန့်ပဲ စကားပြောတာပါ”ဟု သူက မဇ္ဈိမကို ပြောသည်။

အထူးသဖြင့် ဂျန်မိုင်ကောင် ဒုက္ခသည်စခန်းမှ မတရားအသင်းဆက်သွယ်မှုနှင့် ဖောက်ခွဲရေးမှုတို့ဖြင့် ဖမ်းဆီးထောင်ချခံခဲ့ရသူ စစ်ပြေးဒုက္ခသည် လထော်ဘရန်ရှောင်၏ အမျိုးသမီး အပါအဝင် တခြား စစ်ပွဲတွင် ကျဆုံးခဲ့သူများ၏ ဇနီးများကို သီးသန့် တွေ့ဆုံမေးမြန်းခဲ့သည်ဟု ဦးအောင်မြတ်က ပြောသည်။

ထို့ပြင် မင်းသမီး ဂျီုလီသည် မြစ်ကြီးနားမြို့ ပလန စစ်ဘေးဒုက္ခသည် စခန်းသို့လည်း သွားရောက်မည်ဟု သိရပြီး ယခုကဲ့သို့ ဂျိုလီ လာရောက်ခဲ့ခြင်းကြောင့် တစ်စုံတစ်ရာ ပြောင်းလဲလာလိမ့်မည်ဟု မျှော်လင့်ကြောင်း ၎င်းက ဆက်ပြောသည်။

“သူကျော်ကုံးမှာ know your ritght  ဆိုပြီးရေးထားတယ်။ ဟောလီးဝုတ် မင်းသမီးတယောက်အနေနဲ့ ဒီကိုလာတယ်ဆိုတော့ တခုခုတော့ သူ့ရဲ့လာရင်းအကြောင်းအရင်း Right နဲ့ပတ်သက်ပြီးမှ လာတယ်ဆိုတော့ သူအဲဒီ့ကိစ္စနဲ့မေးတယ်ဆိုတော့ တခုခုပြောင်းလဲလာလိမ့်မယ်လို့ မျှော်လင့်တယ်”ဟု ဦးအောင်မြတ်က ပြောသည်။

မင်းသမီး ဂျီုလီသည် စစ်ပြေးဒုက္ခသည်များသို့ သွားရောက် တွေ့ဆုံခဲ့ပြီး ညနေ ၆ နာရီကျော်ချိန်တွင် အမျိုးသမီးအရေး တက်ကြွလှုပ်ရှားနေသော လူထုအခြေပြုအဖွဲ့အစည်း ၁၀ ဖွဲ့မှ အမျိုးသမီး ကိုယ်စားလှယ် ၁၂ ဦးတို့နှင့် Palm Spring ဟိုတယ်တွင် တွေ့ဆုံဆွေးနွေးခဲ့သည်ဟု သိရသည်။

လက်ရှိ ကချင်အမျိုးသမီးများ အဓမ္မပြုကျင့်ခံနေရမှုများနှင့် တရားမျှတမှု မရှိခြင်းနှင့် စစ်ဘေးဒဏ်ကြောင့် အမျိုးသမီးများ ခံစားနေရသည့် အခြေအခြေများကို တင်ပြခဲ့သည်ဟု ကချင်အမျိုးသမီးအဖွဲ့အစည်း (KWA)၏ တာဝန်ခံ ဒေါ်ဂျာဆိုင်းခေါန်က ပြောသည်။

“အဓိကတော့အမျိုးသမီးတွေရဲ့အခြေအနေကို လာပြီး မေးမြန်းတယ်။ ဘာတွေ တွေ့ကြုံနေရတယ်။ ဘာတွေ ခံစားနေရတယ်ဆိုတဲ့ လက်ရှိ အမျိုးသမီးရဲ့ လက်ရှိအခြေအနေတွေကို မေးတာပါ။ ကျမတို့ကတော့ အမျိုးသမီးတွေ အဓမ္မပြုကျင့်မှု ခံစားနေရအကြောင်းတွေ၊ ဖြစ်ပျက်တာတွေ၊ လွန်ခဲ့တဲ့အချိန်ရော ဒီနေ့ထိ ဖြစ်ပျက်နေတာတွေ ပြောပြတယ်။ ဘာတွေလိုအပ်နေတယ် ဆိုတာတွေ ပြောပြတယ်။ အခုချိန်ထိ တရားမျှတမှုမရှိဘူး။ ပွင့်လင်းမြင်သာမှု မရှိဘူး။ အဲဒါတွေက လိုအပ်နေသေးတယ်ဆိုတာတွေ။ စစ်ဘေးဒဏ်ကြောင့် ဖြစ်လာတဲ့ ကာလမှာလည်း အမျိုးသမီးတွေ ဖြစ်လာတဲ့ affect တွေကို ပြောပြတယ်”ဟူ သူက မဇ္ဈိမကို ပြောသည်။

UNHCR ၏ အထူး သံတမန် မင်းသမီး ဂျိုလီသည် ဇူလိုင်လ ၂၉ ရက်က မြန်မာနိုင်ငံသို့ ပထမဆုံးအကြိမ် ရောက်ရှိခဲ့ပြီး ထိုနေ့တွင် သမ္မတ ဦးသိန်းစိန် အပါအဝင် အစိုးရ အဖွဲ့များနှင့် နေပြည်တော်တွင် တွေ့ဆုံခဲ့သော်လည်း မည်သည့်အကြောင်းများ ဆွေးနွေးခဲ့သည်ဟု ထုတ်ပြန်ခြင်း မရှိပေ။

မြန်မာနိုင်ငံသို့ ပထမဆုံးအကြိမ်အဖြစ် ရောက်ရှိနေသော ရုပ်ရှင်မင်းသမီးကြီး ဂျီုလီသည် လေးရက်ကြာ နေထိုင်မည် ဖြစ်ပြီး သူ၏ ခရီးစဉ်တွင် နိုင်ငံတွင်းဖြစ်ပွားလျက်ရှိသည့် ပဋိပက္ခများအရေးနှင့် နိုင်ငံရေးအတွက် လိုအပ်သည့် အကူအညီများအတွက် လာရောက်ခြင်း ဖြစ်သည်ဟု သိရသည်။

လိင်အကြမ်းဖက်မှုတားဆီးရေး ပူးတွဲတည်ဆောက်သူအဖြစ်လည်းကောင်း ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး အထူးကိုယ်စားလှယ်အဖြစ် လည်ကောင်း ဆိုင်ရာနယ်မြေများအလိုက် လုပ်ငန်းများ လုပ်ဆောင်ပေးရန် မြန်မာနိုင်ငံသို့ ရောက်ရှိလာခြင်း ဖြစ်သည်။

ရုပ်ရှင်မင်းသမီး အင်ဂျလီနာဂျိုလီ ရောက်ရှိနေချိန်မှာပဲ မြန်မာနိုင်ငံဆိုင်ရာ ဗြိတိသျှသံအမတ် မစ္စတာ အင်ဒရူးပက်ထရိတ်ကလည်း မြစ်ကြီးနားမြို့ရှိ နိုင်ငံရေးပါတီ ခေါင်းဆောင်များနှင့် ကချင်ပြည်နယ် ဒီမိုကရေစီ ပါတီရုံးချုပ်တွင် လာမည့် ၂၀၁၅ ရွေးကောက်ပွဲ အတွက် ပါတီ၏ လှုပ်ရှားမှု၊ ရည်ရွယ်ချက်များကို တစ်နာရီခန့်ကြာ တွေ့ဆုံဆွေးနွေးခဲ့သည်ဟု ဒေါက်တာတူးဂျာက ပြောသည်။

“သူတို့က ရွေးကောက်ပွဲအခြေအနေ ဒေသခံတွေရဲ့ အမြင် သဘောထားတွေကို သိချင်တာပါ၊ ရွေးကောက်ပွဲလည်း လွတ်လပ်ပြီး တရားမျှမှုရှိဖို့ သူတို့ လိုလားတယ်။ သူတို့လည်း အတတ်နိုင်ဆုံး ဘေးကနေ အကြံပြုသွားမယ် ဆိုတဲ့သဘောမျိုး ပြောပါတယ်။ အပြောင်းအလဲမှာ အခြေခံ ဥပဒေပြင်ရေးကအစ၊ ရွေးကောက်ပွဲ ပြီးလို့ရှိရင် ဘယ်လို အခြေအနေဖြစ်ပေါ်လာနိုင်သလဲဆိုတာတွေ မေးပါတယ်”ဟု သူက မဇ္ဈိမကို ပြောသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly