လမ်းဘေးက အနာဂတ်လေးများ

လမ်းဘေးက အနာဂတ်လေးများ

ယင်ကောင်တွေတလောင်းလောင်း၊ အနံ့အသက်ကအောက်သိုးသိုး ပျို့အန်ချင်စရာ ပတ်ဝန်းကျင်မှာ ဘယ်လိုမှ ဆက်စပ်လို့ မရတဲ့ လေးနှစ်၊ ငါးနှစ်အရွယ် ကလေးငယ်တွေ ပျော်ရွှင်မြူးတူးရင်း တစ်ယောက်ကို တစ်ယောက် စနောက်နေကြတယ်။

ကြည့်မြင်တိုင်ကမ်းနားရဲ့ တစ်နေရာ သစ်သီးဝလံတွေ လက်ကားဖြန့်ဖြူးရောင်းချရာနေရာလေးမို့ အသီးအနှံတွေကို မလုံ့တလုံတဲလေးတွေရဲ့ အတွင်းထဲမှာ တွေ့နိုင်ပါတယ်။ ရာသီပေါ်သီးနှံတွေဖြစ်တဲ့ ဖရဲ၊ ပိနှ္နဲနဲ့ ငှက်ပျောသီးတွေကိုတော့ အများအပြားတွေ့ရပြီး ကွဲပြဲကျိုးပဲ့ပျက်စီးပြီး စျေးကွက်မဝင်တော့တဲ့ အသီးတွေကိုတော့ အမှိုက်ပုံသာသာနေရာကြီးမှာ ပုံထားလေ့ရှိကြပါတယ်။

လေးငါးနှစ်သားလေးတွေရဲ့ ပျော်ရွှင်မှုကတော့ ကွဲထွက်နေတဲ့ ဖရဲသီးကို ဆေးထားမှာ မဟုတ်တဲ့ လက်ကလေးတွေနဲ့ အားပါးတရစားသောက်ရင်း တစ်ယောက်နဲ့ တစ်ယောက် စနောက်လို့တောင် နေပါတယ်။ ခပ်ဝေးဝေး ကမ်းစပ်နားမှာတော့ သူတို့ရဲ့ အုပ်ထိန်းသူလို့ ထင်ရတဲ့ ဆယ်သုံးနှစ် ဆယ့်လေးနှစ်အရွယ် ကောင်လေးသုံးယောက်တော့ ရန်ဖြစ်နေကြတယ်။ ငါးဖမ်းရင်း အဝေမတည့်ကြတော့တဲ့။ ။

သူတို့လေးတွေမှာ ကျန်းမာရေးမရှိဘူး၊ ပညာရေးမရှိဘူး၊ လူမှုရေးမရှိဘူး။ မဆေးထားတဲ့လက်နဲ့ ညစ်ပေတေရင် အစားမစားရဘူးဆိုတဲ့ ကျန်းမာရေးအသိ သူတို့မှာ မရှိဘူး၊ စွန့်ပစ်ထားတာပါလားလို့ ဝေဖန်ပိုင်းခြားနိုင်တဲ့ ပညာရေးအသိမရှိဘူး၊ တဲထဲက လူကြီးတွေက လာလာမောင်းထုတ်တာတောင် အပြုံးမပျက်ဘဲ ထိုင်ရာက မထ ပြန်အော်စနောက်နေတတ်လို့ လူမှုရေးဆိုတာ ဝေးစွ။

သူတို့ သိတာ တစ်ခုပဲ  ဆင်းရဲမွဲတေမှု။ ဆင်းရဲမွဲတေမှုကြောင့် ငတ်မွတ်ခေါင်းပါးမှု၊ ခွဲခြားဆက်ဆံမှုတွေနဲ့ သူတို့တွေလမ်းပျောက်ရုံသာမက နေစရာအိပ်စရာ အိမ်ပါ ပျောက်နေကြရတယ်။ နေစရာ အိပ်စရာ မရှိတာကြောင့် လမ်းဘေးအိပ် လမ်းဘေးစား ကြုံရာမှာ ကြုံသလိုဖြေရှင်းတက်တာက သူတို့ရဲ့ ကျွမ်းကျင်မှုလို ဖြစ်လာတယ်။

တစ်ချို့တွေဆို တောင်းရမ်းစားသောက်တတ်လာတယ်၊ တစ်ချို့တွေဆို လမ်းဘေးကအမှိုက်တွေကိုကောက်ပြီး အသက်မွေးဝမ်းကျောင်းတတ်လာတယ်။ ဗိုက်ဆာရင် စားစရာမရှိတဲ့အတွက် ကော်ရှုရင်းဗိုက်ဖြည့်တတ်လာ တယ်။ လုယက်ရမ်းကားတတ် လာတယ်။ တဖြည်းဖြည်းနဲ့ လေလွင့်ကလေးဆိုတာတွေ ပိုပိုများလာတယ်။

သက်ဆိုင်ရာအာဏာပိုင်တွေအနေနဲ့ လေလွင့်ကလေးသူငယ်ပပျောက်ရေးစီမံချက်ဆိုပြီးလည်း ရက် ၁၀၀ စီမံချက်ထဲ ထည့်ကာ ဆောင်ရွက်ခဲ့တာကိုလည်း သိရှိရပါတယ်။ လေလွင့်ကလေးသူငယ်တွေ ပပျောက်အောင် သူတို့လေးတွေကို ဖမ်းဆီးကာ လူငယ်ထိန်းသိမ်းရေးစခန်းတွေပို့လိုက်ရုံနဲ့ သူတို့တွေ ပပျောက်ပါ့မလားဆိုတာကတော့ မေးစရာ တစ်ခုဖြစ်နေခဲ့ပါတယ်။

လမ်းပေါ်မှာ လေလွင့်ပျော်ပါးနေတဲ့ ကလေးငယ်တိုင်းက မိဘမဲ့တွေ မဟုတ်ကြပါဘူး။ စွန့်ပစ်ခံရတဲ့ ကလေးတွေလည်းမဟုတ်ကြပါဘူး။ ဒါပေမယ့် လူငယ်ထိန်းသိမ်းရေးစခန်းကို အပို့ခံနေရတဲ့ ကလေးသူငယ် တွေကိုတော့ ကလေးသူငယ်ဥပဒေပုဒ်မ (၃၂)အရ အန္တရာယ်ကျရောက်လွယ်တဲ့ ကလေးများအဖြစ်နဲ့ လူငယ်ထိန်းသိမ်းရေးစခန်းတွေကို အပို့ခံနေရတယ်လို့လည်း သိရပါတယ်။

လေလွင့်ကလေးသူငယ်တွေ မတိုးပွားရအောင် သက်ဆိုင်ရာအနေနဲ့ ကြိုတင်ကာကွယ်ရေးနှင့် စောင့်ရှောက်ရေး စီမံချက်အရ လက်ရှိ နိုင်ငံတစ်ဝှမ်းလုံးမှာ လူငယ်ရိပ်သာပေါင်း ရ၀ ထားရှိပေးထားပြီး အသက် ၈ နှစ်မှ ၁၈ နှစ်အထိ ကလေး၊ လူငယ်ပေါင်း ရ၅၀၀ ကျော်ကို စောင့်ရှောက်ထားနိုင်ကြောင်းကိုလည်း မီဒီယာတွေရဲ့ ဖော်ပြချက် အရသိရပါတယ်။
အစိုးရအနေနဲ့ လမ်းဘေးမှာ လေလွင့်နေတဲ့ကလေးသူငယ်တွေ အမှန်တကယ်ပပျောက်လျော့ကျသွားဖို့ အတွက် သေချာတိကျတဲ့ စီမံချက်မျိုးချမှတ်ပြုလုပ်သင့်ပါတယ်။ လမ်းဘေးက ကလေးတွေ လမ်းပေါ်ရောက်လာဖို့၊ အမှိုက်ကောက်နေတဲ့ ကလေးတွေ တစ်နိုင်တစ်ပိုင် တရားဝင်အလုပ်ရဖို့၊ ပညာမတက် ရမ်းကားနေတဲ့ကလေးတွေ ပညာတက်ပြီး အမှားအမှန်ဝေခွဲပိုင်းခြားနိုင်ဖို့  မြန်နိုင်သမျှ မြန်မြန်လေး လုပ်ပေးဖို့ လိုအပ်နေပါပြီ။

တိုင်းပြည်တစ်ပြည် ကမ္ဘာ့အလယ်မှာ ဝင့်ဝင့်ကြွားကြွားမားမားမတ်မတ် ရပ်တည်နိုင်ဖို့ ကြိုးစားနေချိန်ကို အနာဂတ်တွေ(ကလေးတွေ)ကို လစ်လျူရှုထားလို့ မရပါဘူး။ အနာဂတ်တွေ လမ်းဘေးမှာ ကြာကြာရှိမနေစေဖို့ သက်ဆိုင်ရာနဲ့ ပြည်သူဝိုင်းဝန်းကြိုးပမ်းကြဖို့ လိုအပ်ပါတယ်။

လမ်းဘေးမှာ လေလွင့်နေတဲ့ကလေးတိုင်းက အကျင့်စာရိတ္တပျက်စီးယိုယွင်းနေကြတာ မဟုတ်ပါဘူး။ ကိုယ့်ဘဝ ကိုယ်ကျောင်းရင်း ဘဝလမ်းကြောင်းတွေရှာဖွေနေကြသူတွေလည်းရှိပါတယ်။ အဲဒီလိုကလေးသူငယ်တွေ ကိုတော့ သူတို့အိပ်မက်တွေ အကောင်အထည်ပေါ်ဖို့ ကူညီပေးကြဖို့ပါ။။

ဗိုက်ဆာလွန်းလို့ လမ်းဘေးအမှိုက်ပုံးထဲက စွန့်ပစ်ထားတဲ့ အစားအစာတွေကို စားသောက်ခဲ့ဖူးပြီး လက်ရှိမှာသန်းကြွယ်သူဌေးတစ်ယောက်ဖြစ်တဲ့ အော်စကာဆုရှင် ဗီအိုလာဒေးဗစ် Viola Davis အကြောင်း အနည်းငယ်မိတ်ဆက်ပေးချင်ပါတယ်။

သူမတို့မိသားစု ဆင်းရဲလွန်းတာက နေစရာ အိမ်ကို ဘုတ်ပြားတွေနဲ့ကာထားရပြီး ပတ်ဝန်းကျင်ရဲ့ နှိမ်ချဆက်ဆံမှုတွေကြောင့် အထီးကျန်ဆန်ဆန် ကလေးဘဝကိုဖြတ်သန်းခဲ့ရပါတယ်။ ဗိုက်ဆာတဲ့အခါ စတိုးဆိုင်တွေက မုန့်တွေခိုးစားခဲ့ရပြီး လူမိသွားတဲ့အခါမှာတော့ အမှိုက်ပုံးတွေထဲက စွန့်ပစ်ထားတာတွေကို စားခဲ့ရတာပါ။ ပညာသင်ဆုရခဲ့တာကြောင့် ဘွဲ့ရခဲ့ပြီး ၂၀၀၀ ခုနှစ်နောက်ပိုင်းမှာတော့ သရုပ်ဆောင်လောကမှာ ဆုများစွာကို သိမ်းပိုက်နိုင်ခဲ့တာပါ။ အခုအချိန်မှာတော့ သရုပ်ဆောင်အကောင်းဆုတွေနဲ့အတူ ၂၀၁၇ ခုနစ် အော်စကာဆုကြီးကိုပါ ပိုင်ဆိုင်ထားပြီး သန်းကြွယ်သူဌေးမတစ်ယောက်ဖြစ်နေပါပြီ။

သူမလိုပဲ လမ်းဘေးအမှိုက်ပုံးထဲက အစားအစာတွေ ကောက်ယူစားခဲ့ရပြီး လမ်းဘေးမှာနေ လမ်းဘေးမှာ အိပ်ခဲ့ရပေမယ့် တစ်ချိန်မှာတော့ လူအများအာရုံစိုက်ခံရတဲ့ ထူးချွန်ဆုရရှိခဲ့သူတွေ အများအပြား ကမ္ဘာမှာ ရှိနေပါသေးတယ်။

ဒီလိုပါပဲ လမ်းဘေးဘဝတွေကို ပုံဖော်ရင်း ကုန်ဆုံးသွားတဲ့ အချိန်တွေအပေါ် အပြစ်တင်ပြောဆိုနေကြမယ့် အစား အနာဂတ်တစ်ခုချင်းစီအပေါ် ဂရုပြု အာရုံစိုက်လို့ လမ်းဘေးက အနာဂတ်တွေကို စင်ပေါ်က ဖယောင်းရုပ်လှလှလေးတွေအဖြစ် ဖန်တီးနိုင်ဖို့ အားလုံးအတူ ကြိုးစားပါစို့။ ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly