နယ်လှည့်ဖျော်ဖြေနေစဉ် သေစေနိုင်သော ဘတ်တီးရီးယားပိုး ကူးစက်ခံခဲ့ရသည့် အယ်လ်တွန်ဂျွန်

နယ်လှည့်ဖျော်ဖြေနေစဉ် သေစေနိုင်သော ဘတ်တီးရီးယားပိုး ကူးစက်ခံခဲ့ရသည့် အယ်လ်တွန်ဂျွန်

ဗြိတိန်နာမည်ကျော်အဆိုတော် ဆာအယ်လ်တွန်ဂျွန်သည် နယ်လှည့်ဖျော်ဖြေစဉ်၌ သေစေနိုင်လောက်သည့် ဘတ်တီးရီးယားပိုး ကူးစက်ခံခဲ့ရကာ ရောဂါအထူးကြပ်မတ်ကုသဆောင်၌ နှစ်ညခန့် ကုသခဲ့ရပြီး အမေရိကန်၌ ပြုလုပ်မည့် ဖျော်ဖြေပွဲများကို ဖျက်သိမ်းခဲ့ရကြောင်း သူ၏ မန်နေဂျာဖြစ်သူက ပြောခဲ့သည်။

ပြီးခဲ့သောအပတ်က တောင်အမေရိက၌ နယ်လှည့်ဖျော်ဖြေပွဲပြီးစဉ်တွင် အယ်လ်တွန်ဂျွန်သည် အပြင်းအထန် ဖျားနာခဲ့ပြီး အရေးပေါ် ကုသမှုခံယူရန်အတွက် ဗြိတိန်သို့ အလျင်အမြန် ပြန်လာခဲ့ရသည်။
ထို့ကြောင့် လာမည့်နှစ်ပတ်အတွင်း လာ့စ်ဗီးဂတ်စ် နှင့် ကာလီဖိုးနီးယားတို့၌ ကျင်းပရန် စီစဉ်ထားသော ဖျော်ဖြေပွဲ ၉ ခုကို ဖျက်သိမ်းခဲ့ရကြောင်း သိရသည်။

ယခုအခါတွင် ဆာအယ်လ်တွန်ဂျွန်သည် သူ၏နေအိမ်၌ အနားယူလျက်ရှိသည်။

သူ၏ မန်နေဂျာဖြစ်သူကိုယ်တိုင် ထုတ်ပြန်သော ကြေညာချက်တွင် ဆာအယ်လ်တွန်အား ကူးစက်ခဲ့သော ဘတ်တီးရီးယားပိုးသည် အလွန်ရှားပါးပြီး လူကိုသေစေနိုင်သော ပိုးဖြစ်ကြောင်း ဖော်ပြခဲ့သည်

သို့သော်လည်း အသေးစိတ် အချက်အလက်များကိုတော့ ဆက်လက်ဖော်ပြခဲ့ခြင်း မရှိကြောင်း သိရသည်။

“ဘုရားရဲ့ကျေးဇူးတော်ကြောင့်ပဲ အယ်လ်တွန်ရဲ့ ဆေးအဖွဲ့သားတွေဟာ ရောဂါပိုးမွှားကို လျင်လျင်မြန်မြန်ပဲ တွေ့ရှိခဲ့ပြီး အောင်မြင်စွာ ကုသနိုင်ခဲ့ပါတယ်။ ဒါကြောင့် မကြာခင်မှာ သူပြန်လည်ပြီး ထူထူထောင်ထောင် ဖြစ်လာတော့မှာပါ” ဟု မန်နေဂျာဖြစ်သူက ပြောခဲ့သည်။

ဆာအယ်လ်တွန်သည် ဗြိတိန်၌ တိုက်ရိုက်ဖျော်ဖြေတင်ဆက်မှုများကို လာမည့် ဂျွန်လ ၃ ရက်နေ့၌ ပြန်လည် စတင်သွားရန် ရှိကြောင်း သိရသည်။

Ref: BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags