မျိုးဆက်သစ် ခေါင်းဆောင်ကောင်းတွေပေါ်ထွက်လာဖို့ လေ့ကျင့်သင်ကြားပေးသွားမယ်လို့ အိုဘားမားပြော

မျိုးဆက်သစ် ခေါင်းဆောင်ကောင်းတွေပေါ်ထွက်လာဖို့ လေ့ကျင့်သင်ကြားပေးသွားမယ်လို့ အိုဘားမားပြော

ဧပြီ ၂၅ ။ ။ ယခုရှေ့လာမယ့် ကာလတွေထဲမှာတော့ နိုင်ငံမှာ မျိုးဆက်သစ် ခေါင်းဆောင်ကောင်းတွေ ပေါ်ထွက်လာဖို့အတွက် ကူညီလေ့ကျင့်သင်ကြားပေးမှုတွေ လုပ်ဆောင်ပေးသွားနိုင်ဖို့ မျှော်လင့်ထားကြောင်း အမေရိကန်သမ္မတဟောင်း ဘရက်ခ် အိုဘားမားက ထုတ်ဖော်ပြောကြားလိုက်ပါတယ်။

သမ္မတဟောင်း အိုဘားမားအနေနဲ့ ရာထူးမှအနားယူပြီးနောက် သုံးလအကြာမှာတော့ လူထုရှေ့မှောက်ပြန်လည်ထွက်ပေါ်လာတာဖြစ်ပြီး ချီကာဂိုတက္ကသိုလ်မှာ အထက်တန်းကျောင်းသားတွေနဲ့ ကောလိပ်ကျောင်းသားတွေနဲ့ ယခုလို တွေ့ဆုံပြောဆိုသွားတာဖြစ်ပါတယ်။

အသက် ၅၅ နှစ်အရွယ် ဒီမိုကရက်တစ်တစ်ဦးဖြစ်တဲ့ အိုဘားမားဟာ အမေရိကန်သမ္မတအဖြစ် ရာထူးသက်တမ်း နှစ်ကြိမ် ထမ်းဆောင်ထားခဲ့ပြီးနောက် ပြီးခဲ့တဲ့ ဇန်နဝါရီလကမှ ဒေါ်နယ်ထရမ့်ထံ တာဝန်တွေကို လွှဲပြောင်းပေးခဲ့တာဖြစ်ပါတယ်။

အမေရိကန်တို့ရဲ့ အနာဂတ်အတွက် ၎င်းက အကောင်းမြင်ထားလျက်ရှိကြောင်းနဲ့ လက်ရှိကြံုတွေ့နေရတဲ့ ပြဿနာတွေကို ဖြေရှင်းသွားနိုင်မယ်လို့ ယုံကြည်ထားတယ်လို့ ဆိုပါတယ်။

" ခုဆိုရင် သမ္မတ တာဝန်တွေကိုလည်း ဆုံးခန်းတိုင်တဲ့ထိ အကောင်းဆုံး လုပ်ဆောင်ပေးနိုင်ခဲ့ပြီ၊ ခုချိန်မှာ ကျွန်တော်ရဲ့ နောက်အလုပ်အတွက်က ဘယ်လိုအရေးကြီးတာတွေကို လုပ်ရမလဲဆိုတာကိုပဲ ကျွန်တော်အလေးအနက်ထား စဉ်းစားနေတာပါ" လို့ ချီကာဂိုတက္ကသိုလ်မှာ အဖွင့်အမှာစကားပြောဆိုရာမှာ အိုဘားမားက ထည့်သွင်းပြောကြားသွားပါတယ်။

" ခုချိန်မှာ ကျွန်တော်လုပ်ချင်နေတဲ့ တစ်ခုတည်းသော ကိစ္စကတော့ နိုင်ငံရဲ့အနာဂတ်မျိုးဆက်သစ်ခေါင်းဆောင်တွေအတွက် ကူညီပြင်ဆင်ပေးသွားနိုင်ဖို့ပဲဖြစ်ပါတယ်" လို့ ၎င်းက ပြောကြားသွားပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly