အားလုံးပါဝင်မှ ငြိမ်းချမ်းရေး ရရှိနိုင်မည်ဟု ဒေါ်အောင်ဆန်းစုကြည်ပြောကြား

အားလုံးပါဝင်မှ ငြိမ်းချမ်းရေး ရရှိနိုင်မည်ဟု ဒေါ်အောင်ဆန်းစုကြည်ပြောကြား
(ဓာတ်ပုံ-မဇ္ဈိမ)

နေပြည်တော်၊ ဧပြီ ၂၄ ။               ။ အားလုံးပါဝင်မှ ငြိမ်းချမ်းရေး ရရှိနိုင်မည်ဟု အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ ့ငြိမ်းချမ်းရေးဗဟိုဌာန ဥက္ကဋ္ဌ၊ နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်က ဧပြီလ ၂၄ရက်က နေပြည်တော် သင်္ဂဟဟိုတယ်တွင် ကျင်းပပြုလုပ်သော တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် အကောင်အထည်ဖော်မှုဆိုင်ရာ ညှိနှိုင်းအစည်းအဝေးတွင် ပြောကြားခဲ့သည်။

“အားလုံးကပါ၀င်မှ ငြိမ်းချမ်းရေးဆိုတာ ရနိုင်မှာပါ။ အားလုံးကလည်း ကိုယ့်ဘက်ကနေပြီးတော့ ကိုယ်ငြိမ်းချမ်းရေးအတွက် အကောင်းဆုံးထင်တဲ့ အတွေးအခေါ်အမြင်တွေ တင်ပြလိမ့်မယ်လို့လည်း ကျွန်မတို့အနေနဲ့ မျှော်လင့်ပါတယ်”ဟုပြောသည်။

တစ်ချိန်တည်းတွင် ထိုသို့ ငြိမ်းချမ်းရေးအတွက် လျှောက်လှမ်းနေချိန်တွင် အားလုံးဟာ တက်ညီလက်ညီနှင့် မှန်မှန်ကန်ကန် သွားကြရန်လိုအပ်ကြောင်းဆက်ပြောသည်။

“ဒီလိုကျွန်မတို့ လုပ်တဲ့အခါမှာ ကျွန်မတို့ရဲ့ ရည်ရွယ်ချက်ပန်းတိုင်ကိုလည်း မျက်ခြေမပြတ်သွားနေတယ်။ တချိန်တည်းမှာ ကျွန်မတို့ရဲ့ ခြေလှမ်းတွေကလည်း မှန်မှန်ကန်ကန်နဲ့ တက်ညီလက်ညီနဲ့ ရှိဖို့လည်း အများကြီးလိုအပ်ပါတယ်” ဟု ပြောသည်။

ထို့အပြင် ငြိမ်းချမ်းရေးအတွက် လုပ်ဆောင်ရာတွင် မှန်ကန်ပြီး အကျိုးရှိတဲ့စကားများကို ပြောရန်လိုအပ်ပြီး စကားတစ်ခုအပေါ်တွင် တစ်ယောက်နှင့် တစ်ယောက် အမြင်ချင်း သဘောထားခြင်းမတူသည့်အတွက် ထိုစကားအပေါ်တွင် မှန်လား၊ မှားလားဆိုတာမျိုးကို ဆင်ခြင်သုံးသပ်ရန်လိုအပ်ကြောင်းလည်း ပြောသည်။

“အဲ့တော့ ပထမဦးဆုံး ဆုံးဖြတ်ရမှာက စကားတစ်ခုဟာမှန်လားမမှန်လားဆိုတာ ကျွန်မတို့က မှန်ကန်တဲ့ ဆုံးဖြတ်ရမှာဖြစ်ပါတယ်။ နောက်ဒုတိယက အကျိုးရှိလားမရှိဘူးလား။ စကားတစ်ခုဟာ မှန်လား မမှန်လားဆိုတာ ဒါတစ်ယောက်နဲ့တစ်ယောက် သဘောထားခြင်းမတူပါဘူး၊ နောက်တစ်ခါ ဒုတိယကတော့ ဒီဟာပြောခြင်းအားဖြင့် အကျိုးရှိလား မှန်တယ်လို့ဆုံးဖြတ်မိရင်တောင်မှ အကျိုးရှိလား အကျိုးမရှိဘူးလား ဆိုတာကို ကျွန်မတို့ကနေပြီးတော့ ဆင်ခြင်ရမှာဖြစ်ပါတယ်။ ကျွန်မတို့ငြိမ်းချမ်းရေးအတွက်ပြောတဲ့အခါမှာ မှန်ကန်တဲ့စကားတွေလည်း ဖြစ်ဖို့လည်းလိုပါတယ်။ အကျိုးရှိတဲ့ စကားတွလည်းဖြစ်ဖို့လည်းလိုပါတယ်”ပြောသည်။

ယနေ့ကျင်းပပြုလုပ်သော တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် အကောင်အထည်ဖော်မှုဆိုင်ရာညှိနှိုင်းအစည်းအဝေးတွင် အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ ့ငြိမ်းချမ်းရေးဗဟိုဌာန ဥက္ကဋ္ဌ၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော အဖွဲ့ဝင်များ၊ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး စာချုပ်လက်မှတ်ရေးထိုးသော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ ၈ဖွဲ့တို့ တက်ရောက်ဆွေးနွေးခဲ့သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly