မွန်ပြည်သစ်ပါတီ NCA ထိုး၊ မထိုးဆွေးနွေးနေဆဲ

မွန်ပြည်သစ်ပါတီ NCA ထိုး၊ မထိုးဆွေးနွေးနေဆဲ
(ဓာတ်ပုံ-မွန်ပြည်သစ်ပါတီဖေ့စ်ဘုတ်)

ရန်ကုန်၊ ဧပြီ ၂၄ ။             ။ မွန်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ဖြစ်သည့် မွန်ပြည်သစ်ပါတီအနေဖြင့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးစာချုပ် (NCA) ထိုးမထိုးကို ယတိပြတ်ဆုံးဖြတ်ထားခြင်းမရှိသေးဘဲ ဗဟိုကော်မတီ အစည်းအဝေးသို့ တင်ပြဆုံးဖြတ်သွားရဦးမည်ဟု ဗဟိုကော်မတီဝင်တစ်ဦးဖြစ်သည့် နိုင်ရွှေသိန်းက ပြောဆိုသည်။

“ထိုးမယ်ရယ်လို့တော့ယတိပြန်မဆုံးဖြတ်ရသေးပါဘူး။ ထိုးဖို့အလားအလာရှိတာပဲရှိတယ်။ ထိုးမယ်ဆိုတဲ့ သဘောက ဗဟိုအလုပ်အမှုဆောင်တွေရဲ့သဘောပါပဲ။ ဗဟိုအလုပ်အမှုဆောင်ဆုံးဖြတ်ချက်ကလည်း ဗဟိုကော်မတီကိုပြန်တင်ရတယ်။ အဲ့ဒီ့က မင်းတို့မှန်တယ်ဆက်လုပ်၊ မင်းတို့မှားနေတယ်ပြန်ပြင်ဆိုလို့ရှိရင်လည်း ပြင်ရတယ်ဗျ" ဟု ၎င်းက ဧပြီ ၂၄ တွင် မဇ္ဈိမသို့ပြောသည်။

မွန်ပြည်သစ်ပါတီ၏ CEC ပြည်တွင်းရေးရာတာဝန်ခံဖြစ်သူ နိုင်ဝင်းလှသူက တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်ရေးစာချုပ် NCA ကိုရေးထိုးမည်ဟု ပြောကြားချက်ကို ကိုးကားပြီး တိုင်းရင်းသားလက်နက်ကိုင် ၅ဖွဲ့ NCA ထိုးမည်ဟု နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ရုံးမှ ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက မဇ္ဈိမသို့ မတ် ၃၁ရက်က ဖြေကြားထားသည်။

မွန်ပြည်သစ်ပါတီအနေဖြင့်လည်း NCA လက်မှတ်ရေးထိုးရန် ဆုံးဖြတ်ထားကြောင်းကို မွန်ပြည်သူလူထု ကိုယ်စားလှယ်များအား ခေါ်ယူ၍ ပြောကြားခဲ့ဖူးသည်။

“ကျွန်တော်တို့ NCA လက်မှတ်ကို ခုချိန်ထိဘာတွေဖြစ်နေတယ်ဆိုတာ အစီရင်ခံစာပြန်တင်ရတယ်။ ဗဟိုကော်မတီကို၊ ဗဟိုကော်မတီ အစီရင်ခံစာတင်ပြီးမှပဲ ဗဟိုကော်မတီကနေအများစုက ဒါဒီလိုလုပ် အဲ့ဒါဆိုမှအားလုံးပြီးသွားရော” ဟု နိုင်ရွှေသိန်းကပြောဆိုသည်။

အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့့တစ်ခုဖြစ်သည့် မွန်ပြည်သစ်ပါတီတို့အကြား အပစ်ရပ်စာချုပ် NCA ထိုးမထိုးရှုပ်ထွေးစွာ ပြောဆိုနေကြခြင်းလည်းဖြစ်သည်။

မွန်ပြည်သစ်ပါတီအတွက် အရေးအကြီးဆုံုး ဆုံုးဖြတ်ချက်တွေ ချမှတ်သည့် အမြင့်ဆုံုး ဗဟိုုကော်မတီ အစည်းအဝေးတစ်ရပ်ကို ဧပြီ ၂၃ ရက်ကစပြီး ရေးချောင်းဖျားတွင် ပြုလုပ်နေသည်။ အဆိုပါ အစည်းအဝေးမှ ဆုံးဖြတ်ချမှတ်ခြင်းသည်သာ မွန်ပြည်သစ်ပါတီ NCA ထိုး၊ မထိုးအတည်ဖြစ်မည်ဟု နိုင်ရွှေသိန်းကအတည်ပြုပြောသည်။

အဆိုပါ ပုံမှန်ကျင်းပမြဲဖြစ်သည့် မွန်ပြည်သစ်ပါတီ၏ ဗဟိုုကော်မတီ အစည်းအဝေးကို တစ်နှစ်လျှင်နှစ်ကြိမ် ကျင်းပလေ့ရှိပြီး နှစ်ပတ်ခန့်ကြာမြင့်နိုင် ကြောင်းသိရသည်။

၁၉၄၉ ခုနှစ်ကစတင်ပြီး မွန်ပြည်နယ်အရှေ့ပိုင်း တောင်တန်းဒေသများနှင့် (တနင်္သာရီတိုင်း အချို့ဒေသများ) ကို မွန်ပြည်သစ်ပါတီကထိန်းချုပ်ခဲ့ပြီး ၁၉၉၅ တွင် အပစ်အခတ်ရပ်စဲရန် မြန်မာအစိုးရနှင့်သဘောတူညီခဲ့သည်။ မွန်ပြည်သစ်ပါတီသည် ပြည်နယ်အဆင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးကို ၂၀၁၂ ဖေဖော်ဝါရီတွင် လက်မှတ်ရေးထိုးခဲ့ပြီး မွန်ပြည်နယ် ရေးချောင်းဖျားတွင် အခြေစိုက်သည့်အဖွဲ့လည်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly