ဂိမ်းစက်များအရေးယူဖို့ ရှိမရှိ တိုင်းအစိုးရ တိကျစွာဖြေကြားခြင်းမရှိ

ဂိမ်းစက်များအရေးယူဖို့ ရှိမရှိ တိုင်းအစိုးရ တိကျစွာဖြေကြားခြင်းမရှိ

ရန်ကုန်၊ ဧပြီ ၂၄ ။             ။ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဂိမ်းဆိုင်များတွင် အသုံးပြုနေသည့် လောင်းကစားစက်များကို အရေးယူဆောင်ရွက်ခြင်း ပြုလုပ်ရန်အစီအစဉ် ရှိမရှိကို ရန်ကုန်တိုင်းလွှတ်တော်၌ မေးမြန်းခဲ့ရာတွင် တိုင်းဒေသကြီး အစိုးရမှ တိကျစွာဖြေကြားခြင်း မရှိပေ။

ယနေ့ ကျင်းပသည့် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး ၈ ရက်မြောက်နေ့တွင် ပန်းဘဲတန်း မြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးသန်းနိုင်ဦးမှ "လုပ်ငန်းလိုင်စင်ရယူထားသူအား ပြဿနာ တစ်စုံတစ်ရာ ပေါ်လာလျှင် ချက်ချင်းအရေးယူဆောင်ရွက်နိုင်ခြင်း ရှိမရှိ" မေးခွန်းကို မေးမြန်းခဲ့ခြင်းဖြစ်သည်။

သို့သော် အဆိုပါ မေးမြန်းမှုအား စည်ပင်သာယာရေးဝန်ကြီးဖြစ်သူ ဦးမောင်မောင်စိုးက စည်ပင်သာယာရေးကော်မတီက လုပ်ငန်းလိုင်စင်ချထားပေးသည့် ဂိမ်းဆိုင်များ၏ စာရင်းကိုသာ တင်ပြပေးသွားမည်ဟု ဖြေကြားခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဂိမ်းဆိုင်များအား စည်ပင်သာယာရေးကော်မတီမှ စိစစ်ပြီး လုပ်ငန်းလိုင်စင်ချထား ပေးခြင်းဖြစ်ကာ အဆိုပါလုပ်ငန်းများအား ဥပဒေနှင့်လွတ်ကင်းမှုရှိ မရှိ စစ်ဆေးရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနနှင့် ရဲတပ်ဖွဲ့ဝင်များက စစ်ဆေးအရေးယူခြင်းဖြစ်သည်။ 

ယင်းအတွက်ကြောင့် အစိုးရဌာနအချင်းချင်း ညှိနှိုင်းပြီး စစ်ဆေးအရေးယူမှု ပြုလုပ်ရန် အစီအစဉ် ရှိမရှိကို လွှတ်တော် ကိုယ်စားလှယ် ဦးသန်းနိုင်ဦးမှ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်၌ ဆက်စပ်မေးခွန်းအဖြစ် မေးမြန်းခဲ့သော်လည်း အစိုးရအဖွဲ့မှ တိကျစွာ ဖြေကြားခဲ့ခြင်း မရှိပေ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly