ဘိုဟိုကျွန်းရှိ အဘူဆေယက်ဖ် စစ်သွေးကြွအကြွင်းအကျန်များကို ဖိလစ်ပိုင်စစ်တပ် ရှာဖွေဖမ်းဆီး

ဘိုဟိုကျွန်းရှိ အဘူဆေယက်ဖ် စစ်သွေးကြွအကြွင်းအကျန်များကို ဖိလစ်ပိုင်စစ်တပ် ရှာဖွေဖမ်းဆီး

မနီလာ ဧပြီ ၂၄ ။            ။ ဖိလစ်ပိုင်စစ်တပ်သည် ဘိုဟိုကျွန်းပေါ်တွင် ပုန်းခိုလျက်ရှိသော အဘူဆေယက်ဖ် အကြမ်းအဖက်အဖွဲ့အစည်းမှ စစ်သွေးကြွ အကြွင်းအကျန်များကို ရှာဖွေဖမ်းဆီးလျက်ရှိသည်မှာ နှစ်ပတ်ကျော်ခန့် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။

“ဘိုဟိုကျွန်းမှာ ခြေကုပ်ရယူနိုင်ရန် ကြိုးပမ်းခဲ့ပေမယ့် မအောင်မြင်ခဲ့သော အကြမ်းဖက်အဖွဲ့အစည်းမှ အကြွင်း အကျန်များဖြစ်တဲ့ အကြမ်းဖက်သမား ၂ ဦး သို့မဟုတ် ၃ဦးခန့်ကို ကျနော်တို့ ဆက်လက် ရှာဖွေလျက် ရှိနေ ပါတယ်” ဟု ဖိလစ်ပိုင်စစ်တပ်မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး အက်ဒ်ဂါအာရီဗယ်လိုက တနင်္လာနေ့တွင် ထုတ်ပြန်ခဲ့သော ကြေညာချက်တွင် ထည့်သွင်းပြောကြားခဲ့သည်။

ဖိလစ်ပိုင်စစ်သားများသည် ပြီးခဲ့သော စနေနေ့က အကြီးစားလက်နက်များကို ကိုင်ဆောင်ထားသော အဘူ ဆေယက်ဖ် အဖွဲ့ဝင် ၄ ဦးကို ဘိုဟိုကျွန်းမြောက်ပိုင်း အင်နာဘန်ဂါမြို့တွင် သုတ်သင်နိုင်ခဲ့ကြောင်း ကြေညာ ချက်အရ သိရသည်။

ပြီးခဲ့သော ဧပြီလ ၁၁ ရက်နေ့ကလည်း အဖွဲ့ခေါင်းဆောင်  အဘူရာမီအပါအဝင် အဘူဆေယက်ဖ်အဖွဲ့ဝင် ၆ဦး ခန့်ကို အပြန်အလှန်ပစ်ခတ်မှုအတွင်း ဖိလစ်ပိုင်စစ်တပ်မှ သုတ်သင်နိုင်ခဲ့ကြောင်းလည်း သိရသည်။

စစ်တပ်မှထုတ်ပြန်သော အစီရင်ခံစာများအရ ထိုအဖွဲ့မှ ကျန်ရှိနေသေးသော အဖွဲ့ဝင်များသည် ပုန်းခိုနေကြပြီး ဒဏ်ရာများရရှိထားကာ အထောက်အပံ့ရိက္ခာများလည်း ပြတ်တောက်နေကြောင်း အာရီဗယ်လိုကပြောခဲ့သည်။

ပြီးခဲ့သောဗုဒ္ဓဟူးနေ့တွင် ဖိလစ်ပိုင်သမ္မတ ရိုဒရီဂိုဒူတာတေးက အဆိုပါသူပုန်များကို အသေပဲဖြစ်ဖြစ်၊ အရှင်ပဲ ဖြစ်ဖြစ် ကူညီဖမ်းဆီးပေးနိုင်သည့် မည်သူမဆိုအား ဒေါ်လာ ၂၀၀၀၀ ခန့် ဆုချီးမြှင့်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဒါ့အပြင် ဖိလစ်ပိုင်အာဏာပိုင်များက ဒါဗိုမြို့ရှိ ရဲအရာရှိများနှင့် ဖောက်ခွဲရေးကျွမ်းကျင်ပညာရှင် တစ်ဦးကို သူပုန်များအား လွတ်မြောက်ရန် ကြိုးပမ်းကူညီခဲ့သည်ဆိုသော စွပ်စွဲချက်ဖြင့် ဖမ်းဆီးခဲ့ကြောင်း ဖိလစ်ပိုင် ရုပ်မြင်သံကြား GMA က တင်ပြခဲ့သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly