မျိုးဇော်ထွေးအား ပခုက္ကူအကျဉ်းထောင် အချုပ်ပြောင်းရွှေ့

မျိုးဇော်ထွေးအား ပခုက္ကူအကျဉ်းထောင် အချုပ်ပြောင်းရွှေ့

ပခုက္ကူ၊ ဧပြီ ၂၄ ။               ။ အလိုမတူဘဲ ကာမရယူမှုဖြင့် အမှုဖွင့်ခံရသည့် မျိုးဇော်ထွေးအား ဧပြီလ ၂၄ရက်နေ့တွင် ပခုက္ကူမြို့မရဲစခန်းအချုပ်မှ ပခုက္ကူ အကျဉ်းထောင်အချုပ် သို့ ရွှေ့ပြောင်းထားသည်ဟု သိရသည်။

အမျိုးသမီးတစ်ဦးက ၎င်းအား နေအိမ်တခုတွင် ပိတ်လှောင်ကာ အကြိမ်ကြိမ် အဓမ္မပြုကျင့်နေကြောင်း ဖုန်းဆက်ခဲ့၍ ရဲတပ်ဖွဲ့မှ တာဝန်ရှိသူများက ဧပြီလ ၂၁ ရက်က သွားရောက်ခဲ့ခြင်းဖြစ်သည်။

ထို့ကြောင့် ပခုက္ကူမြို့နယ်ရှိ ပရဟိတအဖွဲ့တစ်ခု၏ တာဝန်ခံ မျိုးဇော်ထွေးဆိုသူကို ပခုက္ကူမြို့မရဲစခန်းတွင် မုဒိမ်းမှုဖြင့် ဧပြီလ ၂၁ ရက်နေ့က ဖမ်းဆီးခဲ့သည်။

အဆိုပါအမျိုးသမီး ဖုန်းဆက်မှုကြောင့် သွားရောက်ရာတွင် နေအိမ်တွင် အတင်းပိတ်လှောင်ထားခြင်း အခြေနေမျိုး မတွေ့ရှိကြောင်း ရဲတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

“မိန်းကလေးတစ်ယောက် ပခုက္ကူ ရွှေချောင်းရွာ ဘက်က နေအိမ်တစ်အိမ်မှာ အလိုမတူဘဲ ပိတ်လှောင်ထားတယ်။အဲ့ဒီမှာ ကျွန်တော်တို့က သတင်းရတဲ့အတွက် စခန်းမှူး နဲ့ နယ်ထိန်းအဖွဲ့တွေကို သွားရောက်ပြီးစစ်ဆေးစေပါတယ်။ သွားရောက်စစ်ဆေးတဲ့အခါမှာ မြို့ပေါ်က အဖွဲ့တွေနဲ့ သွားရောက်ပြီး စစ်ဆေးခဲ့တာပါ။ အိမ်ရောက်တဲ့အခါမှာတော့ သတင်းရရှိသလို တရားမဝင် ပိတ်လှောင်ထားတဲ့အနေအထား မရှိဘူးလို့ သိရတယ်"ဟု ပခုက္ကူခရိုင်ရဲတပ်ဖွဲ့မှ ခေတ္တခရိုင်ရဲတပ်ဖွဲ့မှူး ရဲမှူးဌေးဝင်းက ဆိုသည်။

လက်ရှိတွင် အမှုအခြေအနေစစ်ဆေးချက်များအား ထုတ်ပြန်ခြင်းမရှိသေးဘဲ မျိုးဇော်ထွေးဘက်မှ ရှေ့နေငှားရန်စီစဉ်နေကြောင်း သိရသည်။

မျိုးဇော်ထွေးအား အလိုမတူ ကာမရယူမှုဖြင့် ပခုက္ကူမြို့မ ရဲစခန်းမှ (ပ)၂၁၇/၂၀၁၇၊ရာဇသတ်ကြီးပုဒ်မ ၃၇၆ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly