ဖမ်းဆီးခံကျောင်းသူ ပိုပိုကို အာမခံဖြင့့်လွှတ်ပေး

ဖမ်းဆီးခံကျောင်းသူ ပိုပိုကို အာမခံဖြင့့်လွှတ်ပေး
ကမာရွတ်မြို့နယ် တရားရုံးတွင် အာမခံရအပြီးပြန်ထွက်လာသည့် ဗကသ ကျောင်းသူ မပိုပိုကို တွေ့ရစဉ်။ (ဓာတ်ပုံ-သက်ကို)

လှည်းတန်းတွင် အမျိုးသား ပညာရေး ဥပဒေကို ဆန့်ကျင်ဆန္ဒပြပွဲတွင် ပါဝင်ခဲ့သည့် ဗကသကျောင်းသူ မပိုပိကို ကမာရွတ်မြို့နယ်တရားရုံးက ဇူလိုင် ၃၀ရက်တွင် အာမခံဖြင့် လွှတ်ပေးလိုက်သည်ဟု အဆိုပါအမှုကိုလိုက်ပါ ဆောင်ရွက်ပေးသည့် တရားလွှတ်တော်ရှေ့နေ ဦးရောဘတ်စန်းအောင်က မဇ္ဈိမကို ပြောသည်။

ဦးရောဘတ် စန်းအောင်က "ပိုပိုကို ပြစ်မှု ဆိုင်ရာကျင့်ထုံး ဥပဒေ ၄၉၇ (၁)အရ အာမခံပေးလိုက်ပါတယ်၊ တစ်ဦးကို ကျပ်၂၅သိန်းနဲ့ အာမခံသူ နှစ်ဦးက အာမခံရတာဖြစ်ပါတယ်”ဟုဆိုသည်။

မပိုပိုသည် အမျိုးသမီးကငယ်တစ်ဦးဖြစ်ခြင်း၊ ပညာဆက်လက်သင်ကြားရန် ရှိနေခြင်းတို့ကြောင့် ပုဒ်မ ၄၉၇ (၁)အရ ငဲ့ညှာပေးခြင်းဖြစ်သည်ဟုလည်း ၎င်းကဆိုသည်။ အာမခံယူရာတွင် ကျောင်းထောက်ခံစာလည်း တင်ပြခဲ့ရသည်ဟုဆိုသည်။မပိုပိုသည် ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ် သမိုင်းအဓိကဖြင့် နေ့ကျောင်းတက်နေသည့် တတိယနှစ်ကျောင်းသူတစ်ဦး ဖြစ်သည်။
 
မပိုပိုကို စွဲဆိုခဲ့သည့် ပြစ်မှုဆိုင်ရာ ကျင့်ထုံး ဥပဒေ ၄၉၇ (၁)သည် သေဒဏ်၊ တစ်သက်တစ်ကျွန်းထိ စီရင်နိုင်သည့် ပြစ်မှု မဟုတ်ခြင်း ယင်းအပြင် အာမခံပေးခွင့် မရသည့် ပြစ်မှုတွင် အာမခံ ပေးသင့်မပေးသင့်ကို အခြေအနေ အရပ်ရပ်ပေါ် မူတည်၍ အချုပ်လွတ် ထုချေလွာတင်နိုင်သည်ဟု ပြဋ္ဌာန်းထားသော ပုဒ်မဖြစ်သည်။

မပိုပိုက "အခု ညီမ ကိုးလပိုင်းစာမေးပွဲကို ဝင်ဖြေမယ်။ ဗကသ (ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများအဖွဲ့ချုပ်)က တာဝန်ပေးတာတွေ ဆက်လုပ်မယ်၊ ညီမတို့ ဗကသက အမျိုးသားပညာရေးဥပဒေမှာ တောင်းဆိုထားတဲ့အချက် ၁၁ချက်ကို ုမရမခြင်းဆက်လက်တိုက်ပွဲဝင်သွားမယ်။ ”ဟု မဇ္ဈိမသို့ပြောသည်။

ပင်မ ကျောင်းသားသပိတ်ကို အကြမ်းဖက် ဖြိုခွင်းမှုကြောင့် ပြီးခဲ့သည့် မတ် ၁၀ ရက်က ကမာရွတ်မြို့နယ်၊ လှည်းတန်းဈေးမှပြည်လမ်း တစ်လျှောက် ကျောင်းသားများနှင့် အခြားအင်အားစုများ ပါဝင်သည့် လမ်းလျှောက် ဆန္ဒဖော်ထုတ်ရာတွင် ပါဝင်ခဲ့သူများဖြစ်သည့် ဗကသကျောင်းသား မပိုပိုအပါအဝင် ဗကသ ကျောင်းသားများဖြစ်သည့် ကိုကျော်ကိုကို၊ ကိုဝင်းကျော့မှူး၊ ကိုနန္ဒစစ်အောင်၊ ဂျိမ်းစ်၊ ကိုရှိန်းရာဇာထွန်းုတို့ခြောက်ဦးကို ကမာရွတ်မြို့နယ်တရားရုံးတွင် နိုင်ငံတော်အကြည်အညို ပျက်စေမှုပုဒ်မ ၅၀၅ (ခ) အပါအဝင် လူစုလူဝေးဆိုင်ရာ ပုဒ်မများဖြစ်သည့် ၁၄၃၊ ၁၄၅၊ ၁၄၇ စသည့် ပုဒ်မလေးခုဖြင့် တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly