ဂီတလောကမှ အချိန်ကြာမြင့်စွာ အနားယူရန် အက်ဒ်ရှီရန်း စီစဉ်နေကြောင်း နီးစပ်သူများပြောကြား

ဂီတလောကမှ အချိန်ကြာမြင့်စွာ အနားယူရန် အက်ဒ်ရှီရန်း စီစဉ်နေကြောင်း နီးစပ်သူများပြောကြား

ဗြိတိန်နာမည်ကျော် အဆိုတော်အက်ဒ်ရှီရန်းသည် လက်ရှိဖျော်ဖြေနေသော နယ်လှည့်ဖျော်ဖြေပွဲအစီအစဉ် ပြီးနောက်တွင် ဂီတလောကမှ အချိန်ကြာမြင့်စွာ အနားယူရန် စီစဉ်နေကြောင်း သူနှင့် နီးစပ်သူအသိုင်းအဝိုင်း က ပြောကြားခဲ့သည်။

နာမည်ကျော် Shape of You သီချင်း၏ အဆိုတော်ဖြစ်သူသည် မကြာခင်တွင် အိမ်ထောင်ပြုပြီး ကလေးယူမည့် အစီအစဉ် ရှိနေကြောင်း သူနှင့် နီးစပ်သော အသိုင်းအဝိုင်းက Daily Star သတင်းဌာနအား ပြောကြားခဲ့သည်။

“အက်ဒ်ဟာ ဂီတလောကမှာ ရရှိနိုင်တဲ့ ဆုတံဆိပ်တွေနဲ့ အောင်မြင်မှုတွေ အားလုံးကို ဆွတ်ခူးနိုင်ခဲ့သလောက် ရှိနေပါပြီ” ဟု အက်ဒ်ရှီရန်း၏ သူငယ်ချင်းဖြစ်သူက ပြောခဲ့သည်။

“သူဖန်တီးလိုက်တဲ့ အရာတွေအားလုံးကို သူဟာမြတ်နိုးနေပြီးတော့ အောင်မြင်မှုအရသာကိုလည်း လက်ရှိမှာ သူခံစားနေရပါတယ်။ ဒါပေမယ့် တစ်ချိန်တည်းမှာပဲ သူဟာ သမားရိုးကျဘဝလေးကို လိုချင်နေပါတယ်” ဟု ဆက်ပြောခဲ့သည်။

အက်ဒ်ကိုယ်တိုင်ကလည်း နယ်လှည့်ဖျော်ဖြေပွဲများမှ အနားမယူမချင်း အိမ်ထောင်ပြု၍ ကလေးယူမည့် အစီအစဉ်ကို ပြုလုပ်ဦးမည် မဟုတ်ကြောင်း ပြောခဲ့သည်။ သူသည် လက်ရှိတွင် အထက်တန်းကျောင်းက ကျောင်းနေဖက်ဖြစ်သူ ချယ်ရီဆီးဘွန်းနှင့် ချစ်သူအဖြစ် လက်တွဲလျက်ရှိသည်။

အက်ဒ်သည် မကြာသေးခင်ကမှ စံချိန်များစွာချိုးဖျက်နိုင်ခဲ့ပြီး အောင်မြင်မှုများစွာ ရရှိခဲ့သော Divide အမည်ရှိ သီချင်းအယ်လ်ဘမ်ကို ဖန်တီးခဲ့ပြီး အကယ်၍ နောက်ထပ်သီချင်းအယ်လ်ဘမ် တစ်ခုကို ထပ်မံဖန်တီးမည်ဆိုပါ က  ၅ နှစ်မှ ၁၀ နှစ်လောက်အထိ ကြာမြင့်နိုင်ကြောင်းလည်း သိရသည်။

အသက် ၂၆ နှစ်အရွယ်ရှိ အက်ဒ်သည် လက်ရှိတွင် Divide အယ်လ်ဘမ်သီချင်းများကို ဗြိတိန်၊ အမေရိကန် ပြည်ထောင်စု၊ ဗဟိုအမေရိကနှင့် တောင်အမေရိကတို့တွင် နယ်လှည့်ဖျော်ဖြေလျက်ရှိပြီး လာမည့် အောက်တိုဘာလအထိ ဆက်လက် ဖျော်ဖြေနေဦးမည်ဖြစ်သည်။

အက်ဒ်သည် ပြီးခဲ့သော ရက်ပိုင်းကမှ ထုတ်ပြန်ခဲ့သော တိုင်းမ်မဂ္ဂဇင်းမှ ရွေးချယ်သည့် သြဇာအရှိဆုံး လူပုဂ္ဂိုလ် ၁၀၀ တွင်လည်း ပါ၀င်ခဲ့ပြီး အဆိုတော် တေလာဆွစ်က သူ့အား ဂုဏ်ပြုခဲ့သည်။

Ref: Newshub

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags