အခွန်မဲ့နှင့်တရားမဝင်ကုန် သုံးလအတွင်း ကျပ်သန်းပေါင်း ၃,ဝဝဝ နီးပါး မူဆယ်လမ်းတွင် ဖမ်းဆီးရမိ

အခွန်မဲ့နှင့်တရားမဝင်ကုန် သုံးလအတွင်း ကျပ်သန်းပေါင်း ၃,ဝဝဝ နီးပါး မူဆယ်လမ်းတွင် ဖမ်းဆီးရမိ
ဓာတ်ပုံ - ရေပူအမြဲတမ်းစစ်ဆေးရေးစခန်း

ရန်ကုန်၊ ဧပြီလ ၂၄ ။              ။ မန္တလေး - မူဆယ် ပြည်ထောင်စုလမ်းမကြီးရှိ ရေပူအမြဲတမ်းစစ်ဆေးရေးစခန်းအနီးမှ အခွန်မဲ့နှင့် တရားမဝင်ကုန် သုံးလအတွင်း ဖမ်းဆီးရမိခဲ့မှုမှာ ခန့်မှန်းတန်ဖိုး ကျပ်သန်းပေါင်း ၃,ဝဝဝ နီးပါးရှိကြောင်း ရေပူအမြဲတမ်းစစ်ဆေးရေးစခန်း ပူးပေါင်းစစ်ဆေးရေးအဖွဲ့ တာဝန်ခံ၊ အကောက်ခွန်ဦးစီးဌာနရုံးချုပ် ဒုတိယညွှန်ကြားရေးမှူး ဦးတက်ထွန်းအောင်က ဧပြီလ ၂၄ ရက်တွင် မဇ္ဈိမသို့ ပြောသည်။

ဇန်နဝါရီလ ၁၆ ရက်မှ မတ်လ ၃၁ ရက်ထိ နှစ်လကျော်အတွင်း အဆိုပါ ရေပူအမြဲတမ်းစစ်ဆေး ရေးစခန်းဂိတ်အနီးမှ ဖမ်းဆီးရမိသည့် အမှုပေါင်း ၁၅၆မှုရှိခဲ့ပြီး ကုန်ပစ္စည်းများ ခန့်မှန်းတန်ဖိုးမှာ စုစုပေါင်း ကျပ်သန်းပေါင်း ၃, ဝဝဝ နီးပါး (၂,၉၄၃,၅၉၇,၇၇၅)ထိ ရှိကြောင်း ဦးတက်ထွန်းအောင်ကပြောသည်။

“ဒီတန်ဖိုးက ကျွန်တော်တို့စခန်းမှာ ဖမ်းဆီးရမိတဲ့ ကုန်တွေ အကုန်လုံးပါတယ်။ ဒါတွေအကုန်လုံးက ခန့်မှန်းတန်ဖိုးပါပဲ။ သစ်တွေ၊ ကျောက်တွေလည်း ပါတာပေါ့။ ကျောက်ဆိုရင် ကျွန်တော်တို့က သိန်းသုံးထောင်ငါးရာလောက်ဖြတ်ပေမယ့် ကျွန်တော်တို့ သိထားတဲ့သတင်းအရဆိုရင် သိန်းတစ်သောင်းလောက်တန်တယ်လို့ သိထားတယ်။ ဒါကြောင့် ဒါတွေက ခန့်မှန်းတန်ဖိုးတွေပါ”ဟု ဦးတက်ထွန်းအောင်က ဖမ်းဆီးရမိသည့် ကုန် ပစ္စည်းတန်ဖိုးများနှင့် ပတ်သက်ပြီးပြောသည်။

အဆိုပါ ရေပူအမြဲတမ်းစစ်ဆေးရေးစခန်းဂိတ်မှ နေ့စဉ် ကုန်တင်ကားပေါင်း ၅ဝဝဝ မှ ၆ဝဝဝထိ ဖြတ်သန်းသွား လာနေပြီး ဖြတ်သန်းနေသောကားများမှ တရားမဝင်သယ်ဆောင်လာသည့်  မူးယစ်ဆေးဝါးများ၊ မှောင်ခိုကျောက်စိမ်းများနှင့်သစ်များ၊ အရည်အသွေးမမှီသည့် စားသောက်ကုန်များ၊ အခွန်မဲ့စားသောက်ကုန်စည်များ နှင့် အသုံးအဆောင်ပစ္စည်းများကို ဇန်နဝါလ ၁၆ ရက်မှ စတင်ကာ ရေပူ အမြဲတမ်းစစ်ဆေးရေးစခန်း ပူးပေါင်းစစ်ဆေးရေးအဖွဲ့ ၁၂ ဖွဲ့ဖြင့် စစ်ဆေးဖမ်းဆီးနေခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly