အာဆီယံထိပ်သီးအစည်းအဝေးတက်ရောက်ရန် ဒေါ်အောင်ဆန်းစုကြည် ဖိလစ်ပိုင်သွားမည်

အာဆီယံထိပ်သီးအစည်းအဝေးတက်ရောက်ရန် ဒေါ်အောင်ဆန်းစုကြည် ဖိလစ်ပိုင်သွားမည်

ဧပြီ ၂၄ ။              ။ အရှေ့တောင်အာရှ နိုင်ငံများအသင်း (အာဆီယံ) ထိပ်သီးအစည်းအဝေးတက်ရောက်ရန်အတွက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဖိလစ်ပိုင်သို့ သွားရောက်မည်ဖြစ်ကြောင်း မနီလာတာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ဧပြီလ ၂၉ ရက်တွင် ကျင်းပမည့် အကြိမ် ၃၀ မြောက် အာဆီယံ ထိပ်သီးအစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများသို့ အခြားသော အဖွဲ့ဝင်နိုင်ငံများမှ ခေါင်းဆောင်များနှင့်အတူ မြန်မာနိုင်ငံမှ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်လည်း တက်ရောက်လာမည်ဖြစ်ကြောင်း အာဆီယံ ၂၀၁၇ အမျိုးသားအဆင့် ကျင်းပရေးကောင်စီ ညွှန်ကြားရေးမှူးချုပ် မာဆီယာနို ပေနာ က ပြောကြားသည်။

အဆိုပါ အာဆီယံအစည်းအဝေးသို့ သမ္မတကြီး ဦးထင်ကျော်အစား နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်မည်ဖြစ်သည်။

ဖိလစ်ပိုင်သမ္မတ ရိုဒရီဂို ဒူတာတေးသည်လည်း ပြီးခဲ့သည့်လကမှ ၎င်း၏ မြန်မာနိုင်ငံခရီးစဉ်အတွင်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံထားခဲ့သေးသည်။

ယင်းတွေ့ဆုံမှုတွင် ဖိလစ်ပိုင်သမ္မတက ရခိုင်ပြည်နယ်ရှိ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးရေးအားထုတ်မှုများအတွက် မြန်မာအစိုးရထံသို့ ဒေါ်လာ ၃၀၀,၀၀၀ လှူဒါန်းပေးအပ်ခဲ့ရာတွင် ယင်းလှူဒါန်းမှုအပေါ် ကျေးဇူးတင်ကြောင်း ဒေါ်အောင်ဆန်းစုကြည်ကလည်း ပြန်လည်ပြောကြားထားခဲ့သည်။

လက်ရှိအချိန်တွင် ဖိလစ်ပိုင်သမ္မတ ဒူတာတေးအနေဖြင့် ၎င်း၏ မူးယစ်စစ်ပွဲများကြောင့် လူ့အခွင့်အရေးချိုးဖောက်မှုများ ရှိခဲ့သည်ဆိုသည့်စွဲချက်များနှင့် လုံးပန်းနေရပြီးနောက်ပိုင်း ယခုကဲ့သို့ အာဆီယံထိပ်သီးအစည်းအဝေးတစ်ရပ်ကို ၎င်း၏နိုင်ငံတွင်လက်ခံကျင်းပပေးရန် ရှိလာခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly