PFA တစ်နှစ်တာအကောင်းဆုံးကစားသမားဆုကို ချယ်လ်ဆီးကွင်းလယ်လူကန်တီ ရရှိ

PFA တစ်နှစ်တာအကောင်းဆုံးကစားသမားဆုကို ချယ်လ်ဆီးကွင်းလယ်လူကန်တီ ရရှိ

ဧပြီ ၂၄၊ အင်္ဂလန် ။             ။ PFA တစ်နှစ်တာအကောင်းဆုံးကစားသမားဆုကို မဲပေးရွေးချယ်ခဲ့ရာတွင် ချယ်လ်ဆီးကွင်းလယ်ကစားသမား ကန်တီက ဆွတ်ခူးရရှိသွားခဲ့သည်။

ပြီးခဲ့သည့်ရာသီက လက်စတာအသင်းနှင့်အတူ ပရီးမီးယားလိဂ်ဖလားကိုရယူနိုင်ခဲ့သည့် ကန်တီသည် ယခုနှစ်ရာသီတွင်လည်း ချယ်လ်ဆီးအသင်းအတွက် ခြေစွမ်းပြကစားနိုင်ခဲ့ကာ ပရီးမီးယားလိဂ်ဖလားကို မတူညီသည့်အသင်းနှစ်သင်းနှင့် ၂ နှစ်ဆက်တိုက် ရယူနိုင်သည့် ပထမဆုံးကစားသမားဖြစ်လာရန် အခြေအနေကောင်းလျက်ရှိသည်။

ကန်တီသည် ချယ်လ်ဆီးအသင်းဖော် ဟက်ဇက်၊ မန်ယူတိုက်စစ်မှူး အီဗရာဟီမိုဗစ်၊ စပါးတိုက်စစ်မှူး ဟယ်ရီကိန်းနှင့် အာဆင်နယ်တိုက်စစ်မှူး ဆန်းချက်ဇ်တို့ကို ကျော်ဖြတ်ကာ အကောင်းဆုံးဆုကို ရယူနိုင်ခဲ့ခြင်းဖြစ်သည်။

ဆုရရှိပြီးနောက်တွင် ကန်တီက `အကောင်းဆုံးကစားသမားဆုကို အခြားကစားသမားတွေက ရွေးချယ်ပေးတာဖြစ်လို့ ကျွန်တော့်အတွက် အများကြီးအဓိပ္ပါယ်ရှိပါတယ်။

ကျွန်တော့်ရဲ့ပထမဆုံးရာသီနှစ်ခုက အလွန်လှပကောင်းမွန်ပါတယ်။ ပြီးခဲ့တဲ့ရာသီက အလွန်လှပခဲ့ပါတယ်။ ဒီရာသီကလည်း ကောင်းမွန်တဲ့ရာသီပါ။ ဒါပေမဲ့အကောင်းဆုံး အဆုံးသတ်နိုင်ဖို့ ကြိုးစားရပါဦးမယ်။ PFA အကောင်းဆုံးကစားသမားဆုက တကယ်ကို ကြီးကျယ်တဲ့ ဂုဏ်ပြုခံရမှုပါပဲ’ ဟု ပြောဆိုခဲ့သည်။

ထို့အပြင် ကန်တီက ‘ကျွန်တော်အမြဲပြောခဲ့သလိုပါပဲ။ ဒါက အသင်းအဖွဲ့လိုက်ကြိုးစားမှုကြောင့်ပါ။ အသင်းဖော်တွေအားလုံးကို ကျေးဇူးတင်ပါတယ်။ ချယ်လ်ဆီးအသင်းတစ်သင်းလုံးနဲ့ပရိသတ်တွေအားလုံးကို ကျေးဇူးတင်ပါတယ်’ ဟု တွစ်တာတွင်ရေးသားခဲ့သည်။

PFA တစ်နှစ်တာလူငယ်အကောင်းဆုံးကစားသမားဆုကိုမှု စပါးအသင်းအတွက် ၁၆ ဂိုးအတွက်သွင်းယူပြီး ခြေစွမ်းပြနေသည့် ဒယ်လီအလီက ၂ နှစ်ဆက်တိုက် ဆွတ်ခူးနိုင်ခဲ့သည်။

မန်ယူကစားသမားဟောင်း ဒေးဗစ်ဘက်ခမ်မှာ မန်ယူအသင်းနှင့်အင်္ဂလန်အသင်းတို့အတွက် ၎င်း၏ထူးခြားသည့်စွမ်းဆောင်ပေးနိုင်ခဲ့မှုများကြောင့် အထူးဂုဏ်ပြုဆုကို ရရှိခဲ့သည်။
ရည်ညွှန်း ဘီဘီစီ

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags