စစ်မှုထမ်းဟောင်း အဆင့်မြင့်အိမ်ရာဆောက်ရန် ကျူးကျော်နေအိမ် တစ်ရာကျော်ကိုဖယ်ရှား

စစ်မှုထမ်းဟောင်း အဆင့်မြင့်အိမ်ရာဆောက်ရန် ကျူးကျော်နေအိမ် တစ်ရာကျော်ကိုဖယ်ရှား
ဓာတ်ပုံ - မင်းမျိုးနွယ်/RiA

စစ်တွေ၊ ဧပြီလ ၂၂ ရက်။              ။ စစ်တွေမြို့၊ နာဇီရပ်ကွက် မြေလွတ်နေရာတွင် နေထိုင်လျှက်ရှိကြသည့် ကျုးကျော်နေအိမ် တစ်ရာကျော်ကို ဧပြီလ ၂၂ ရက်နေ့၌ စတင်ဖယ်ရှားလိုက်ပြီး ဖယ်ရှားခံရသူအချို့တွင် အစားထိုးမြေကွက်မရရှိသေးကြောင်း သိရသည်။

အဆိုပါ ကျူးကျော်နေထိုင်သူများအား ဖယ်ရှားပြီး ယင်းမြေနေရာတွင် စစ်မှုထမ်းဟောင်းများအတွက် အဆင့်မြင့်သီးသန့်နေအိမ်များ ဆောက်လုပ်ကာ နေရာချထားပေးနိုင်ရေး ပြောင်းရွှေ့ဖယ်ရှား မှုများပြုလုပ်ခြင်း ဖြစ်ကြောင်း သိရသည်။

ယခုရက်ပိုင်းအတွင်း ကျုးကျော်နေထိုင်သည့် နေအိမ်ပေါင်း ၁၂၃ အိမ်ကို ရွှေ့ပြောင်းပေးသွားမည် ဖြစ်ကာ ရွှေ့ပြောင်းခံသူများအတွက် မင်းဂံရပ်ကွက် အကွက် (၁၁) တွင် အလျား ၃၀ ပေ၊ အနံ ၂၀ ပေ အိမ်ရာမြေ တစ်ကွက်စီကို ပေးအပ်သွားမည်ဖြစ်သော်လည်း တစ်ချို့အိမ်ထောင်စုများမှာ သက်ဆိုင်ရာမှ ကြိုတင်စာရင်း ကောက်ယူချိန်တွင် နေအိမ်၌ မရှိသည့်အတွက် မြေကွက်ရရှိမည့်စာရင်းတွင် မပါဝင်ဘဲ အခက် အခဲများနှင့် ရင်ဆိုင်နေကြရကြောင်း သိရသည်။

“ကျွန်မတို့ ဒီအိမ်ကို လွန်ခဲ့တဲ့နှစ်ကနေ ဆောက်ထားတာပါ။ ကျွန်မယောကျင်္ား လှေလိုက်သွားတာ သေမှန်းမသိ ရှင်မှန်းမသိ အဆက်အသွယ် မရတဲ့အတွက် အိမ်ကိုခဏထားပြီး လိုက်သွားတာပါ။ အခုပြန်ရောက်လာတော့ နေအိမ်ပြောင်းရမယ့် စာရင်းမှာပါနေတယ်။ ဟိုမှာ မြေကွက်ရမဲ့စာရင်းမှာ ကြတော့ ကျွန်မတို့မပါဘူး။ သက်ဆိုင်ရာက ကူညီပေးကြပါလို့ ပြောချင်ပါတယ်”ဟု ဒေါ်မတင်သိန်းက ပြောသည်။

ယင်းအပြင် ပြောင်းရွှေ့ရမည့်စာရင်းတွင်ပါသော်လည်း မြေကွက်ရမည့်စာရင်းတွင် မပါဝင်သည့် မိသားစုပေါင်း ၁၀ ကျော်ခန့်ရှိကာ သက်ဆိုင်ရာများအနေဖြင့် ကူညီပေးစေလိုကြောင်းနှင့် တစ်ချို့မိသားစုများမှာ ဆင်းရဲနွမ်းပါး ကြသည့်အတွက် နေအိမ်ပြန်လည်ဆောက်လုပ်နိုင်ရန် အခက်အခဲများရှိကြောင်းလည်း သိရသည်။

 “ကျွန်မမှာ ယောက်ျားလည်း မရှိတော့ပါဘူး။ သားတစ်ယောက်ကလဲ အသက် ၂၄ နှစ်ရှိပြီ။ သူက လမ်းလျှောက်လို့လည်း မရသလို ထလို့ထိုင်လို့လည်းမရတဲ့ ဒုက္ခိတပါ။ အခု ကျွန်မ အိမ်ပြောင်းရမယ်ဆိုတော့ မြေကွက်လေးရမယ်ဆိုလို့ ဝမ်းသာပါတယ်။ ဒါပေမဲ့ ဟိုရောက်ရင် အိမ်ပြန်ဆောက်ဖို့ငွေတစ်ကျပ် မှမရှိပါဘူး။ ဒါကြောင့်ကျွန်မတို့ကို ငွေတစ်သိန်းလောက်ဖြစ်ဖြစ် ထောက်ပံ့စေချင်ပါတယ်”ဟု ဒေါ်မသန်းရွှေက ဆိုသည်။

ယခုကဲ့သို့ ပြောင်းရွှေ့နေရာ ချထားပေးရခြင်းမှာ စစ်မှုထမ်းဟောင်း မြေနေရာတွင် နေထိုင်သူများဖြစ်သည့် အတွက် ပြောင်းရွှေ့ရခြင်းဖြစ်ပြီး ကြိုတင်စာရင်းကောက်ယူမှုများကို ဓာတ်ပုံမှတ်တမ်းများဖြင့် အကြိမ်ကြိမ် ကောက်ယူခဲ့ပြီး ပြောင်းရွှေ့သည့်အချိန်တွင်း မီးသတ်ဦးစီးဌာနမှ အကူညီရယူကာ ကား ၄ စီးဖြင့် ရွှေ့ပြောင်းရေးကိစ္စများကို ဆောင်ရွက်ပေးထားကြောင်း နာဇီရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးညွန့်ဝင်းကပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly