ပြည်စက်မှုလယ်ယာကို ငွေစာရင်းကွာဟမှုအတွက် စစ်ဆေးနေ

ပြည်စက်မှုလယ်ယာကို ငွေစာရင်းကွာဟမှုအတွက် စစ်ဆေးနေ

ပြည်၊ ဧပြီ ၂၃ ။            ။ ပဲခူးတိုင်း၊  ပြည်ခရိုင်၊ ပြည်မြို့နယ် စက်မှုလယ်ယာမှ 2KR စီမံကိန်း အနေဖြင့် လုပ်ကိုင်သည့် ထွန်စက်နှင့် စပါးရိတ်သိမ်းခြွေလှေ့စက်များ ငှားရမ်းခငွေစာရင်းရှင်းတန်း ကွာဟချက်တိုင်တန်းမှု အတွက် စစ်ဆေးနေကြောင်း သိရသည်။

“နေပြည်တော်က လွှတ်တဲ့ အဖွဲ့က စစ်ဆေးနေတုန်း ။ ကျွန်တော်တို့ကတော့ တောင်သူနဲ့ စစ်ဆေးရေးအဖွဲ့တွေ့ပေးနေတယ်။ လောလောဆယ် ဌာနကို တိုင်သလိုတော့ ဖြစ်နေတာပေါ့”ဟု ပြည်ခရိုင်စက်မှုလယ်ယာ ဦးစီးမှူး ဦးလှမြိုင်က ပြောသည်။

၂၀၁၄ ခုနှစ်တွင် ဂျပန်နိုင်ငံ JICA မှ အရှေ့လက္ခုပ္ပင်ကျေးရွာအုပ်စုသို့ ထွန်စက် ၁၅ စီး နှင့် ကောက်ရိတ်စက် ၁ စီး လှူဒါန်းခဲ့သည်။ ထိုစက်များကို ဒေသဖွ့ံဖြိုးရေးရန်ပုံငွေ ရရှိရန်  2KR စီမံကိန်း အနေဖြင့် ဒေသခံတောင်သူများနှင့်စက်မှုလယ်ယာဌာန တို့သို့ ငှားရမ်းမှုများပြုလုပ်ခဲ့သည်။

၂၀၁၇ ခုနှစ် မတ်လထိ တောင်သူများငှားရမ်းလုပ်ကိုင်သည့် ထွန်စက်တစ်စီးလျှင် ငွေကျပ် ၄၇ သိန်း ၀င်ငွေရရှိခဲ့ပြီး ပြည်မြို့နယ်စက်မှုလယ်ယာမှ ငှားရမ်းလုပ်ကိုင်သည့် ထွန်စက်တစ်စီးလျှင် ငွေကျပ် ၅ သိန်းသာ ရရှိခဲ့သည်ဟု တိုင်တန်းသူကျေးရွာသားများက ပြောသည်

“ကျွန်တော်တို့က အစည်းဝေးဆုံးဖြတ်ချက်အတိုင်းငွေ သွင်းတယ်။ စက်မှုလယ်ယာက လူတွေက မသွင်းဘူး။ စက်တွေလည်း ပျက်စီးကုန်ပြီ ” ဟု ဦးဆောင်တိုင်ကြားသူ အရှေ့လက္ခုပ္ပင်ကျေးရွာသား ဦးစိုးဝင်းက ဆိုသည်။

စုစုပေါင်း ငွေကြေးကွာဟမှု ကျပ်သိန်း ၂၀၀ ကျော် ရှိပြီး စက်မှုလယ်ယာမှ ငှားရမ်းလုပ်ကိုင်နေသည့် ထွန်စက် ၅စီး မှာလည်းပျက်စီး နေပြီ ဖြစ်ကြောင်း တိုင်ကြားသူများက ပြောသည်။

သို့သော် ပြည်ခရိုင်စက်မှုလယ်ယာ ဦးစီးမှူး ဦးလှမြိုင်ကမူ စာရင်းငွေ ကွာဟ ကို စစ်ဆေးပြီးမှသာ သိနိုင်မည်ဟု တုံ့ပြန်ပြောဆိုခဲ့သည်။ ထွန်စက်များပျက်စီးမှုကိုလည်း “မောင်းထားတယ်ဆိုတော့ ပျက်တာပေါ့”ဟု ဆိုသည်။

ဧပြီ ၂၁ နှင့်၂၂ ရက်က ပြည်ခရိုင်စက်မှုလယ်ယာ ဦးစီးဌာနတွင် တိုင်ကြားသူ ကျေးရွာသား ၁၀ ဦးခန့် ကိုခေါ်ယူစစ်ဆေးခဲ့ပြီး တိုင်ကြားခံရသူ စက်မှုလယ်ယာဝန်ထမ်းများ ကို ထပ်မံစစ်ဆေးကာ မေ လ ၂ ရက်နေ့ မတိုင်မှီ အထက် တိုင်းဌာန အဆင့်သို့ တင်ပြပေးရမည်ဟု စစ်ဆေးရေးအဖွဲ့ဝင်တစ်ဦးက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly