အရေးပါသော အခွန်ဆိုင်ရာပြုပြင်ပြောင်းလဲမှုဆိုင်ရာ ကြေညာချက်ကို လာမည့်သီတင်းပတ်၌ ထုတ်ပြန်မည်ဟု ဒေါ်နယ်ထရမ့်ပြော

အရေးပါသော အခွန်ဆိုင်ရာပြုပြင်ပြောင်းလဲမှုဆိုင်ရာ ကြေညာချက်ကို လာမည့်သီတင်းပတ်၌ ထုတ်ပြန်မည်ဟု ဒေါ်နယ်ထရမ့်ပြော

ဝါရှင်တန်၊ ဧပြီ ၂၂ ။           ။ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က လာမည့်သီတင်းပတ် ဧပြီ ၂၆ ရက်တွင် ၎င်းစီစဉ်လျက်ရှိသည့် အခွန်ဆိုင်ရာပြုပြင်ပြောင်းလဲမှုနှင့် ပတ်သက်သော အရေးကြီးသည့် ကြေညာချက်ကို ထုတ်ပြန်မည်ဖြစ်ကြောင်း ဧပြီ ၂၁ ရက်တွင် ပြောသည်။

“ဧပြီ ၂၆ ရက်မှာ ကျွန်တော်တို့ အခွန်ပြုပြင်ပြောင်းလဲမှုနဲ့ပတ်သက်ပြီး အထူးကြေညာချက်ကြီးတစ်ရပ် ထုတ်ပြန်မှာဖြစ်ပါတယ်။ ခုအစီအစဉ်ကို လုပ်ဆောင်နေခဲ့တာ ကြာပါပြီ။ ဒါပေမယ့် အဲဒီနေ့မှာမှ ပြုပြင်ပြောင်းလဲမှု စတင်လိုက်ချိန် ဖြစ်ပါတယ်။”ဟု ထရမ့်က ပြောသည်။

ယခင်သမ္မတ အိုဘားမားလက်ထက် ပြဌာန်းခဲ့သော အခွန်နှင့် ဘဏ္ဍာရေးစည်းမျဉ်းများအား ပြန်လည်ပြင်ဆင်သုံးသပ်သည့် သဘောတူစာချုပ်မူကြမ်းနှစ်ရပ်အား လက်မှတ်ရေးထိုးပြီးနောက်
ဘဏ္ဍာရေးဝန်ကြီးဌာနမှတစ်ဆင့် ထရမ့်က ယခုကဲ့သို့ ကြေညာခြင်းဖြစ်သည်။

အမေရိကန်ဘဏ္ဍာရေးဝန်ကြီး စတီဗင်မနုချင်ကလည်း ၎င်းတို့အစိုးရ၏ အခွန်ပြုပြင်ပြောင်းလဲမှု ကြေညာချက်ထုတ်ပြန်ရန်မှာ အသင့်ဖြစ်နေပြီဖြစ်ကြောင်း ဆိုသည်။

ထရမ့်အစိုးရအနေဖြင့် ၎င်းတို့၏ အခွန်ပြုပြင်ပြောင်းလဲမှု ဥပဒေကြမ်းကို အတည်ပြုနိုင်ရေးအတွက် သြဂုတ်လနောက်ဆုံးထား၍ လွှတ်တော်တင်နိုင်ရေး ကနဦးက
သတ်မှတ်ထားခြင်းဖြစ်သော်လည်း ယခုနှစ်ကုန်အထိ အချိန်ယူရလိမ့်မည်ဖြစ်ကြောင်း မနုချင်က သတိပေးပြောဆိုခဲ့သည်။

ဒေါ်နယ်ထရမ့်သည် ရွေးကောက်ပွဲမဲဆွယ်စဉ်၌ အခွန်ပြုပြင်ပြောင်းလဲမှုကြီးများ ဖော်ဆောင်မည်နှင့် ဘဏ္ဍာရေးဆိုင်ရာ စည်းမျဉ်းတင်းကြပ်မှုများ ဖြေလျှော့မည်ဟု မဲဆွယ်ကတိ ပေးထားခဲ့ခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly