နာမည်ကျော် ဒူးဒဏ်ရာ အထူးကုဆရာဝန်နှင့် ပြသရန် အမေရိကန်သို့ မိုဗစ်သွားမည်

နာမည်ကျော် ဒူးဒဏ်ရာ အထူးကုဆရာဝန်နှင့် ပြသရန် အမေရိကန်သို့ မိုဗစ်သွားမည်

ဧပြီ ၂၃၊ အင်္ဂလန် ။           ။ မန်ယူတိုက်စစ်မှူး အီဗရာဟီမိုဗစ်သည် သူ၏ဒူးဒဏ်ရာကို နာမည်ကျော်ထိပ်တန်းဆရာဝန်နှင့် စမ်းသပ်စစ်ဆေးရန်အတွက် အမေရိကန်နိုင်ငံသို့ သွားရောက်မည် ဖြစ်သည်။

အမေရိကန်နိုင်ငံရှိ ဒေါက်တာ ဖရက်ဒီ အိတ်ရှ် ဖူသည် ဒူးဒဏ်ရာများကို ကုသရာတွင် နာမည်ကျော်ကြားသူဖြစ်ပြီး မိုဗစ်အနေဖြင့် ယင်းဆရာဝန်နှင့် ပြသနိုင်ရန် ယခုတစ်ပတ်အတွင်းအမေရိကန်သို့ သွားမည် ဖြစ်သည်။

မိုဗစ်သည် အန်ဒါလက်ချ်နှင့်ပွစဉ်တွင် ခေါင်းခုန်တိုက်ရာမှ ပြန်အကျတွင် အကျမတော်ပဲ ဒူးအရွတ်ဒဏ်ရာရရှိသွားခဲ့ခြင်း ဖြစ်သည်။ ထိုပွဲတွင် နောက်ခံလူ ရိုဂျိုမှာလည်း မိုဗစ်ကဲ့သို့ပင် ဒူးဒဏ်ရာရရှိခဲ့သည်။ ၎င်းတို့နှစ်ဦးစလုံး၏ဒဏ်ရာကို ဆေးစစ်မှုများ ပြုလုပ်ခဲ့ပြီးနောက် အခြေအနေဆိုးရွားကြောင်း မန်ယူအသင်းက ထုတ်ပြန်ခဲ့သည်။ မိုဗစ်နှင့် ရိုဂျိုတို့ နှစ်ဦးစလုံးမှာ ထိုဒူးဒဏ်ရာများကြောင့် ရာသီကုန်အထိ အနားယူရန် သေချာသွားပြီ ဖြစ်သည်။

'ကစားသမားနှစ်ယောက်စလုံးရဲ့ ဒဏ်ရာက ပြင်းထန်ပြီး လာမယ့်ရက်အနည်းငယ်အတွင်းမှာ ဒေါက်တာဖူရဲ့ အမြင်ကို ခံယူမှာပါ။ ကုသရမယ့်အစီအစဉ်ကို စီစဉ်တွက်ချက်ပြီးတဲ့နောက်မှာ ဘယ်လောက်အထိအနားယူရနိုင်တယ်ဆိုတာကို တိတိကျကျ ပြောနိုင်ပါလိမ့်မယ်' ဟု မန်ယူအသင်း၏ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ဆိုခဲ့သည်။

ယခုဒူးဒဏ်ရာကြောင့် မိုဗစ်အနေဖြင့် ၂၀၁၈ ဇန်နဝါရီလအထိ ကစားနိုင်ဖွယ်မရှိသောကြောင့် မန်ယူနှင့် စာချုပ်သစ်အတွက် ဆွေးနွေးမှုများ ပြုလုပ်ရဦးမည် ဖြစ်သည်။

ရည်ညွှန်း ဒေးလီးမေးလ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly