YBS ယာဉ်လိုင်းများ သတ်မှတ်နှုန်းထားများထက် ပိုမိုကောက်ခံမှုများရှိနေ

YBS ယာဉ်လိုင်းများ သတ်မှတ်နှုန်းထားများထက် ပိုမိုကောက်ခံမှုများရှိနေ
ဓာတ်ပုံ-တေဇ

ရန်ကုန် ၊ ဧပြီ ၂၃ ။            ။ အဲကွန်းတပ်ဆင်ထားခြင်းမရှိသည့် YBS ယာဉ်လိုင်းများတွင် ယာဉ်စီးခနှုန်းထားများကို ခရီးစဉ်တစ်ပိုင်းလျှင် ၁၀၀ ကျပ် ပြောင်းလဲသတ်မှတ်ထားသော်လည်း YBS ယာဉ်လိုင်းများ အနေဖြင့် သတ်မှတ်နှုန်းထားများထက် ပိုမိုကောက်ခံမှုများ ရှိနေခဲ့သည်။

"ခရီးစဉ်တစ်ပိုင်းကို ၁၀၀ ကျပ်သာ ပြောပေမယ့် ၂၀၀ ပဲ ပေးရတာပဲလေ။ တက်ဆင်း ၂၀၀ လို့ပဲ စပယ်ရာက ပြောတယ်၊ အဲကွန်းကားလည်း မဟုတ်ပါဘူး" ဟု YBSယာဉ်လိုင်း နံပါတ် ၃၅ စီးပြီး ထောက်ကြန့်မှ နွယ်ခွေသို့ သွားလာသည့် ခရီးသည် မနွယ်နွယ်အောင်က ဆိုသည်။

ရန်ကုန်မြို့တွင်း နေ့စဉ်ခရီးသွားလာနေသည့် ပြည်သူများထဲမှ လူ ၃၀ ကို မဇ္စျိမက စစ်တမ်းကောက်ယူမှုတစ်ခု ပြုလုပ်ခဲ့ရာ ယာဉ်စီးခနှုန်းထား ပြောင်းလဲ သတ်မှတ်မှုကို မသိရှိသူ ၁၂ ဦးအထိ ရှိနေခဲ့သည်။

ကျန်ရှိသည့် ၁၈ဦး အနက် ယာဉ်စီးခ နှုန်းထားပြောင်းလဲ သတ်မှတ်မှုကို သိရှိသော်​လည်​း ယာဉ်စီးခနှုန်းထားကို သတ်မှတ်ထားသည်ထက် ပိုမိုပေးဆောင်ခဲ့ရသည်ဟု စစ်တမ်းကောက်ယူခဲ့သည့် ခရီးသည် ၁၁ ဦးက ဆိုသည်။

"အဲကွန်းဘတ်စ်လို့ ပြောပေမယ့် ညပိုင်းစီးတဲ့ အချိန်ကျရင် မှန်တံခါးတွေဖွင့်ပြီး ဘာအဲကွန်းမှ မဖွင့်တော့ဘူး၊ ကားခကျတော့ အဲကွန်းဘတ်စ် ၂၀၀ ကျတယ်ဆိုပြီး ယူတယ်" ဟု ဒေါပုံမှ ဆူးလေသို့ နေ့စဉ် ခရီးသွားလာနေသည့် ဦးအောင်စိန်က ဆိုသည်။

ယာဉ်စီးခနှုန်းထားများ ပြောင်းလဲသတ်မှတ်ခြင်းကို ယာဉ်လိုင်းတာဝန်ခံများအား ခေါ်ယူအသိပေးပြီး ဖြစ်ကာ သတ်မှတ်လိုက်သည့် နှုန်းထားများကို မော်တော်ယာဉ်များ၌ ကပ်ထားခြင်းများကို ပြုလုပ်စေခိုင်းခဲ့ကြောင်း၊ အသိပေးတိုင်ကြားမှုများအား ပြင်းပြင်းထန်ထန် အရေးသွားမည်ဟု ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့မှ အတွင်းရေးမှူး ဒေါက်တာ မောင်အောင်က မဇ္စျိမ၏ ဆက်သွယ်မေးမြန်းမှုကို ဖြေဆိုခဲ့သည်။

"ယာဉ်စီးခနှုန်းထားတွေက အဲကွန်းမပါတဲ့ ကားတွေမှာ ကပ်ရမှာ ဘယ်ကနေဘယ်လောက် ဆိုတာပါပြီးသား၊ တစ်ချို့ကလည်​းပြန်ပြီးတော့ ဖြဲထားတယ်ဆိုပြီး ပြောသံကြားရတယ်၊ တစ်ချို့ကလည်​း လူမမြင်တဲ့နေရာတွေမှာ ကပ်ထားတယ်။ ဒါတွေက ယာဉ်လိုင်းတာဝန်ခံမှာ တာဝန်ရှိပါတယ်" ဟု ဒေါက်တာမောင်အောင်က ဆိုသည်။

ပြီးခဲ့သည့် သင်္ကြန်ကာလအတွင်း၌လည်း YBSယာဉ်လိုင်းများအနေဖြင့် ယာဉ်စီးခ ပိုမိုကောက်ခံမှုများ ရှိနေခဲ့သည်ဟု သင်္ကြန်တွင်း ခရီးသွားလာခဲ့သည် ခရီးသည်များက ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly