ပြင်သစ်သမ္မတရွေးကောက်ပွဲ သုံးရက်အလိုတွင် တိုက်ခိုက်မှုကျုးလွန်ခဲ့သူ မည်သူမည်ဝါဖြစ်ကြောင်း ဖော်ထုတ်

ပြင်သစ်သမ္မတရွေးကောက်ပွဲ သုံးရက်အလိုတွင် တိုက်ခိုက်မှုကျုးလွန်ခဲ့သူ မည်သူမည်ဝါဖြစ်ကြောင်း ဖော်ထုတ်

ပါရီ၊ ဧပြီ ၂၂ ။           ။ ပြင်သစ်နိုင်ငံ မြို့တော် ပါရီ အလယ်ပိုင်းက Champs Elysees တွင် ရဲတစ်ဦးအား ရိုင်ဖယ်သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်၍ သုတ်သင်လိုက်ရသူမှာ မည်သူဖြစ်ကြောင်းကို အစိုးရရှေ့နေတစ်ဦးက ဧပြီ ၂၁ ရက်တွင် တရားဝင်ထုတ်ဖော်ပြောဆိုသည်။

ဧပြီ ၂၀ ရက် ညပိုင်းက ဖြစ်ပွားသော အဆိုပါ တိုက်ခိုက်မှုကို ကျုးလွန်ခဲ့သူသည် ပါရီတွင် မွေးဖွားသူဖြစ်ကာ ထောင်ကျဖူးသည့် ရဲမှတ်တမ်းရှိထားသူ Karim Cheurfi ဆိုသူဖြစ်ကြောင်း အစိုးရရှေ့နေ ဖရန့်ဆွာမိုလင်းက အတည်ပြုသည်။

အစောပိုင်းက ယင်းတိုက်ခိုက်မှုကို ဘာသာရေးစွပ်ဖက်မှုမရှိကြောင်း မိုလင်းက ပြောဆိုခဲ့သော်လည်း နောက်ပိုင်းတွင် အခင်းဖြစ်ပွားရာနေရာ၌ အိုင်အက်စ်အဖွဲ့ကို ထောက်ခံရေးသားထားသည့် စာရွက်အပိုင်းအစကို စုံစမ်းစစ်ဆေးသူများက တွေ့ရှိကြောင်း ပြောသည်။

Cheurfi သည် ရာဇဝတ်မှု လေးရပ်ဖြင့် ပြစ်ဒဏ်ကျခံဖူးသူဖြစ်ကာ ယခုလအတွင်း တရားရုံး၌လည်း အမှုရင်ဆိုင်နေရသူဖြစ်၍ ရဲမှတ်တမ်းတွင် ပါရှိထားသူဖြစ်ကြောင်း မိုလင်းက ဆိုသည်။

၎င်း၏ အိမ်အား ဝင်ရောက်ရှာဖွေမှုတွင် Cheurfi အနေဖြင့် အိုင်အက်စ်အစွန်းရောက်အဖွဲ့နှင့် ချိတ်ဆက်ပတ်သက်မှု သက်သေမတွေ့ရှိရကြောင်း ဆိုသည်။

ဧပြီ ၂၀ ရက် ညပိုင်းက Cheurfi သည် Kalashnikov ရိုင်ဖယ်ဖြင့် ရဲ၏ ခေါင်းအား နှစ်ချက်ပစ်ကာ သတ်ဖြတ်ခဲ့ခြင်းဖြစ်သည်။

ပြင်သစ်နိုင်ငံအတွင်း ဧပြီ ၂၃ ရက်၌ သမ္မတရွေးကောက်ပွဲများ ကျင်းပမည်ဖြစ်၍ နောက်ဆုံးမဲဆွယ်ရက်ဖြစ်သော ဧပြီ ၂၀ တွင် ယင်းတိုက်ခိုက်မှု ဖြစ်ပွားခဲ့ခြင်းလည်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags