ရေနံချောင်းမြို့တွင် သုံးဘီးယာဉ်များ ဝင်ခွင့်မပေး၍ ဆန္ဒဖော်ထုတ်

ရေနံချောင်းမြို့တွင် သုံးဘီးယာဉ်များ ဝင်ခွင့်မပေး၍ ဆန္ဒဖော်ထုတ်

ရေနံချောင်း ဧပြီ ၂၂ ။            ။ မြို့တွင်းလမ်းသို့ သုံးဘီးဆိုင်ကယ်များ ဝင်ခွင့်မပေးသည့်အတွက် သုံးဘီးယာဉ်မောင်းသူများက ယနေ့ ဧပြီလ ၂၂ ရက်နေ့၊ နံနက်ပိုင်းက ရေနံချောင်းမြို့တွင် ဆန္ဒဖော်ထုတ်ခဲ့ကြသည်။

ရေနံချောင်းမြို့၏တစ်ခုတည်းသော လမ်းမတော်လမ်းမကြီးပေါ်တွင် သုံးဘီးယာဉ်များ မောင်းနှင်ခြင်း မပြုရန်၊ ရေနံချောင်းမြို့ ယာဉ်ကြီးကြပ်ရေးကော်မတီက သင်္ကြန်မတိုင်မီက ထုတ်ပြန်ခဲ့သည် ဟု ဆန္ဒပြခေါင်းဆောင် ကိုဇော်မျိုးဝင်းက ပြော သည်။

"ရေနံချောင်းမြို့တွင်းလမ်းအားလုံးကို မောင်းနှင်ခွင့် ရချင်တယ်။သူတို့ မြို့တွင်းရှောင်သွားခိုင်းတဲ့ လမ်းတွေက အရင်က တစ်လမ်းမောင်းစနစ်နဲ့ သွားလာနေရတဲ့ လမ်းကျဉ်းတွေဖြစ်တော့ အဆင်မပြေဘူး " ဟု ကိုဇော်မျိုးဝင်းက ပြောသည်။

ရေနံချောင်းမြို့တွင် ရေနံသာ၊တွင်ကုန်း၊ ညောင်လှနှင့် သီဟအောင် သုံးဘီးယာဉ်(၄)လိုင်း အစီးရေ ၂၀၀ ကျော်ကို မြို့တွင်းတရားဝင်ပြေး ဆွဲခွင့်ပေးထားပြီး၊အခြားယာဉ်လိုင်းမရှိသော သုံးဘီးယာဉ်လိုင်းများကို ရွှေကြာငုံရပ်ကွက်၊ ရွှေကြာငုံလမ်းမှသာ သွားလာခွင့်ပြုထားသည်။

 မြို့တွင်းလမ်းကျဉ်းမြောင်း၍ လမ်းပိတ်ဆို့မှုများ မဖြစ်ပွားစေရန် ဧပြီလ ၁၁ ရက်နေ့မှ စတင်၍ စမ်းသပ်ကာလ ၁၀ ရက် စီမံချက်အဖြစ် ဆောင်ရွက်ခြင်းဖြစ်သည်ဟု ရေနံချောင်းမြို့ ယာဉ်ကြီးကြပ်ရေးကော်မတီမှ သိရသည်။

"ရေနံချောင်းမြို့တွင်း အနာဂတ်ယာဉ်ကြော မကြပ်တည်းစေရေးနဲ့ မြို့အင်္ဂါရပ်ညီညွတ်စေဖို့ မြို့နယ်အုပ်ချုပ်ရေးမှူး၊ စည်ပင်သာယာရေး ကော်မတီ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်တွေ၊ သက်ဆိုင်ရာ လွှတ်တော်ကိုယ်တော်ကိုယ်စားလှယ်တွေ တာဝန်ရှိသူတွေနဲ့ ကျွန်တော်တို့ အစည်းအဝေး ထိုင်ပြီး စမ်းသပ် အကောင်အထည်ဖော်ခဲ့တာပါ။ သူတို့ ဆန္ဒဖော်ထုတ်ကြတာကတော့ သူတို့ အခွင့်အရေး သူတို့ တောင်းဆိုကြတာဆိုတော့ ဘာမှမပြောလိုပါဘူး" ဟု ရေနံချောင်းမြို့ ယာဉ်ကြီးကြပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးဝင်းမောင်က ပြောသည်။

ဆန္ဒဖော်ထုတ်သူများသည် ရေနံချောင်းမြို့၊တွင်း ကုန်းရပ်ကွက် (ဇရပ်ကြီး)မှ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးမှူးရုံး အထိ လမ်းတိုင်း သုံးဘီးဆိုင် ကယ်များ သွားလာခွင့်ရရေး၊မောက်မာသော ယာဉ်ကြီးကြပ်ရေး ကော်မတီ ဖျက်သိမ်းရေး အပါအဝင် တောင်းဆိုကြွေးကြော်သံ ဗီနိုင်း ပိုစတာများ ချိတ်ဆွဲ၍ လူဦးရေ ၃၅ ဦးခန့်နှင့် ဆိုင်ကယ်အစီး ၂၀ ခန့် လှည့်လည်ချီတက်ခဲ့ကြသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly