ငြိမ်းချမ်းရေးအတွက် ဘာသာပေါင်းစုံ ဆုတောင်းပွဲပြုလုပ်

ငြိမ်းချမ်းရေးအတွက် ဘာသာပေါင်းစုံ ဆုတောင်းပွဲပြုလုပ်

ဧပြီလ ၂၂ ။           ။ ငြိမ်းချမ်းရေး နှင့် ပတ်သတ်သည့် ဓမ္မတေးသီချင်းများ၊ အမျှဝေ ဆုတောင်းခြင်းများကို ဘာသာကြီးလေးခုမှ စုပေါင်းဆောင်ရွက်ခဲ့ကြသည့် အခမ်းအနားတစ်ခု ယနေ့ ဧပြီလ ၂၂ ရက်၊ ရန်ကုန်မြို့ Y.M.C.A ခန်းမတွင် ပြုလုပ်ခဲ့သည်။

ယနေ့ပြုလုပ်သည့် ဆုတောင်းပွဲတွင် “ကမ္ဘာကြီးငြိမ်းချမ်းပါစေ” ၊ “လူတစ်ဦး တစ်ယောက်တိုင်းလည်း ငြိမ်းချမ်းပါစေ” ဟု ဆုတောင်းမေတ္တာများ ပို့သခဲ့ကြသည်။

“မြန်မာသက္ကရာဇ်ရဲ့ နှစ်သစ်ကူး အကူးအပြောင်းကာလမှာ မြန်မာပြည်မှာ အေးချမ်းဖို့၊ ငြိမ်းချမ်းဖို့ နောက်ပြီးတော့ လူသားအချင်းချင်း ကိုယ်ချင်းစာတတ်ဖို့ နောက် သဘာဝဘေးအန္တရာယ်ကနေ ကင်းဝေးဖို့ ၊ အကြမ်းဖက်ခြင်းကနေ ကင်းဝေးဖို့ အကုန်လုံးပူးပေါင်းပြီးတော့မှ ဒါတွေ မဖြစ်ရအောင်လို့ ငြိမ်းချမ်းခြင်း သဘောသဘာဝနဲ့ ဆုတောင်းကြတာပေါ့နော်။ ဘာသာအသီးသီးအနေနဲ့ ဆုတောင်းကြတာ   ဖြစ်ပါတယ်။ တစ်ဘာသာနဲ့တစ်ဘာသာ လူမျိုးတစ်မျိုးစီမှာရှိနေတဲ့ ဘာသာတရားရဲ့အနက်ရှိုင်းကို မသိတဲ့အရာမှာ ဒီနေ့လိုဆုတောင်းခဲ့တဲ့အတွက် တစ်ဦးပေါ်တစ်ဦး နားလည်လာနိုင်မှာ ဖြစ်တယ်” ဟု ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေး အဖွဲ့(မြန်မာနိုင်ငံ) ၏ ဒု-အတွင်းရေးမှူး ဒေါ်ကက်သလင်းသိန်းကပြောသည်။

ထို့ပြင် ငြိမ်းချမ်းရေးနှင့်ပတ်သက်ပြီး ယနေ့ ဧပြီလ (၂၂) ရက်နေ့တွင် ရန်ကုန်မြို့ Y.M.C.A ခန်းမတွင် ကျင်းပပြုလုပ်သည့် ဘာသာပေါင်းစုံငြိမ်းချမ်းရေး ဆုတောင်းပွဲတွင် သဘောထားမှတ်ချက်များ   ပေးခဲ့ကြသေးသည်။

NCA ၏ မူလလမ်းကြောင်းအတိုင်းသာ ဆောင်ရွက်သွားမည်ဆိုသည့် အစိုးရ၏ သဘောထားကို ထောက်ခံကြောင်း ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးအဖွဲ့(မြန်မာနိုင်ငံ) ၏ ဥက္ကဋ္ဌ ဦးစိန်ဝင်းအောင်က ပြောသည်။

 “လမ်းကြောင်းအတိုင်းသွားမယ်ဆိုတဲ့အတွက်ကြောင့် ထိုးသည်ဖြစ်စေ မထိုးသည်ဖြစ်စေ အရင်ရောက်တဲ့လူနဲ့ အရင်ခရီးဆက်မယ် ဒီလိုအစိုးရကပြောသွားတယ်။ ဒါကိုလည်း ကျွန်တော်သဘောတူတယ်။ ဘာကြောင့်လည်းဆိုရင် အားလုံးစုံမှ စောင့်ရင် အချိန်တွေအများကြီးပေးရမယ်” ဟု ၄င်းကပြောသည်။

အဆိုပါဆုတောင်းပွဲတွင် ငြိမ်းချမ်းရေး နှင့် ပတ်သတ်သည့် ဓမ္မတေးသီချင်းများ၊ အမျှဝေ ဆုတောင်းခြင်းများကို ဘာသာကြီးလေးခုမှ စုပေါင်းဆောင်ရွက်ခဲ့ကြသည်။ ယခုကဲ့သို့ဆုတောင်းပွဲကို ကျင်းပခဲ့သည်မှာ ၆ ကြိမ် မြောက်ရှိခဲ့ပြီး ယနေ့ အခမ်းအနားကို လူ ၂၈၀ နီးပါး တက်ရောက်ခဲ့ကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly