အမ်းတွင် လူဦးရေ တစ်ရာကျော် ဝမ်းပျက်ဝမ်းလျှောဖြစ်ပြီး သုံးဦးသေဆုံး

အမ်းတွင် လူဦးရေ တစ်ရာကျော် ဝမ်းပျက်ဝမ်းလျှောဖြစ်ပြီး သုံးဦးသေဆုံး
ဓါတ်ပုံ - ပြည်ချစ်/ RiA

အမ်းမြို့နယ်၊ ဒါးလက်ချောင်း ကျေးရွာအုပ်စုအတွင်း ပြီးခဲ့သည့် နှစ်ဆန်း ၁ ရက်၊ ဧပြီလ ၁၇ ရက်နေ့မှ စတင်ကာ လူဦးရေ ၁၄၀ ကျော်တို့မှာ ဝမ်းပျက်ဝမ်းလျှောရောဂါ   ဖြစ်ပွားသည့်   ဝေဒနာကို ကြံုတွေ့ခံစားခဲ့ကြရသည့်အတွက် အနည်းဆုံး ၃ ဦး သေဆုံးသွားကြောင်းသိရသည်။

ဝမ်းပျက်ဝမ်းလျှောရောဂါ အများဆုံးဖြစ်ပွားသည့် ကျေးရွာများမှာ ညောင်းချောင်းကျေရွာ၊ ကွေးဝကျေးရွာ၊ မေဆေးကျေးရွာ စသည့်ကျေးရွာများဖြစ်ပြီး သေဆုံးသူများမှာ ညောင်ချောင်းကျေးရွာမှ ၂ ဦးနှင့် မေဆေး ကျေးရွာမှ ၁ ဦးတို့ဖြစ်ကြောင်း ဒါးလက်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးက ပြောသည်။

“အခုကတော့ နည်းနည်းသက်သာသွားပါပြီး။ ဆရာဝန်တွေလည်း အဲဒီနေရာတွေကို သွားနေပါတယ်။ နှစ်ဆန်းတစ်ရက်နေ့က စပြီးဖြစ်တာပါ။ ဆေးရုံကိုရောက်လာတဲ့သူတွေကတော့ အခြေအနေကောင်းနေပါပြီ။ သေဆုံးသွားတဲ့သူတွေက ဆေးရုံကိုရောက်မလာနိုင်တဲ့ အတွက်ကြောင့်သေဆုံးရတာပါ။”ဟု ဒါးလက်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဆလိုင်းတင်ဦးက ပြောသည်။

ရောဂါဖြစ်ပွားရခြင်းမှာ ရေရှားပါးမှုကြောင့် ရေတွင်းရေကန်များတွင် လက်ကျန်ရေများအား ဖြစ်သလို သောက်သုံးနေကြရသည့်အတွက် ဖြစ်ပွားရခြင်းဖြစ်ကြောင်း လမ်းပန်းဆက်သွယ်ရေးခက်ခဲမှု၊ တစ်ရွာနှင့်တစ်ရွာ ဝေးလံခေါင်ပါးမှုကြောင့် ယခုကဲ့သို့ ဖြစ်ပွားသွားရခြင်းဖြစ်ကြောင်း သိရသည်။

“ရေကြောင့်ဖြစ်တယ်လို့ ပြောရမှာပါ။ အခုလိုအချိန်ရောက်လို့ရှိရင်   ရေရှားပါးတဲ့အခက်အခဲကို   နှစ်တိုင်းကြံုတွေ့နေရပါတယ််။   ရေကပုံမှန်ဆိုရင် ချောင်းရေပဲရှိတော့တယ်။ ဒေသခံတွေကလဲ   ဝေးလံခေါင်ပါးတဲ့နေရာမှာ နေကြတာဖြစ်တဲ့အတွက် ရေသန့်တွေဘာတွေ ဝယ်ဖို့အခက်အခဲရှိပါတယ်။ ရှိတဲ့ရေကိုပဲ ဖြစ်သလိုသောက်သုံးနေကြရတဲ့အတွက် အခုလိုဝမ်းရောဂါဖြစ်ကြတာပါ။”ဟု ဒါးလက်အုပ်စု ကျန်းမာရေးမှူး ဦးမင်းမောင်ကပြောသည်။

ဒါးလက်အုပ်စုတွင် ကျေးရွာပေါင်း ၄၀ ကျော်ခန့်ရှိကာ ချင်းတိုင်းရင်းသားလူမျိုးများ အများဆုံးနေထိုင်လျှက်ရှိပြီး တောင်ယာလုပ်ငန်း၊ ကိုင်းလုပ်ငန်း၊ ဥယဉ်ခြံလုပ်ငန်းများကို လျက်ရှိကြကြောင်း သိရသည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly