ကျောက်ဖြူရေနက်ဆိပ်ကမ်းအရေး ဒေါ်အောင်ဆန်းစုကြည်နှင့် CITIC Group ဥက္ကဋ္ဌ တို့ ဆွေးနွေး

ကျောက်ဖြူရေနက်ဆိပ်ကမ်းအရေး ဒေါ်အောင်ဆန်းစုကြည်နှင့် CITIC Group ဥက္ကဋ္ဌ တို့ ဆွေးနွေး
ဓာတ်ပုံ - မင်းမင်း/ မဇ္ဈိမ

ရန်ကုန် ၊ ဧပြီ ၂၂ ။              ။ ကျောက်ဖြူရေနက်ဆိပ်ကမ်းစီမံကိန်းကိစ္စများနှင့် ပတ်သက်ပြီး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နှင့် CITIC Group ဥက္ကဌ Mr.Chang Zhenming တို့ တွေ့ဆုံဆွေးနွေးခဲ့သည်ဟု နိုင်ငံခြားရေးဝန်ကြီးဌာနမှ သတင်းထုတ်ပြန်ထားသည်။

ယမန်နေ့ ဧပြီလ ၂၁ ရက်နေ့က နေပြည်တော်ရှိ နိုင်ငံခြားရေး ၀န်ကြီးဌာန၏ဧည့်ခန်းမတွင် CITIC Group ဥက္ကဋ္ဌဖြစ်သူ Mr.Chang Zhenming ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ကို   နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က လက်ခံတွေ့ဆုံခဲ့ခြင်းလည်းဖြစ်သည်။

CITIC Group အနေဖြင့် မြန်မာနိုင်ငံနှင့် အကျိုးတူပူးပေါင်းဆောင်ရွက်သွားမည့် ကျောက်ဖြူရေနက်ဆိပ်ကမ်း စီမံကိန်းအပါအဝင် စွမ်းအင်ကဏ္ဍ၊ လမ်းပန်းဆက်သွယ်ရေး ကိစ္စများကိုပါ   ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံရာ၌ ထည့်သွင်းဆွေးနွေးခဲ့သည်ဟု နိုင်ငံခြားရေးဝန်ကြီးဌာန ထုတ်ပြန်စာတွင် ဖော်ပြထားသည်။

ယင်းတွေ့ဆုံဆွေးနွေးပွဲကို စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်၊ နိုင်ငံခြားရေးဝန်ကြီး ဌာန ဒုတိယဝန်ကြီး ဦးကျော်တင်တို့ တက်ရောက်ခဲ့သည်။

ကျောက်ဖြူအထူးစီးပွားရေးဇုန် အကောင်အထည်ဖော်ရေး၊ ရေနံစိမ်းပိုက်လိုင်းမှတစ်ဆင့် သယ်ယူပို့ဆောင်ရေး စသည့် အချက်များ ပါ၀င်သည့် သဘောတူစာချုပ်ကို ဧပြီလ အစောပိုင်းက သွားရောက်ခဲ့သည့် နိုင်ငံတော်သမ္မတ ဦးထင်ကျော်၏ တရုတ်ခရီးစဉ်အတွင်း လက်မှတ်ရေးထိုးခဲ့သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly