ရှမ်းအမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ မကျင်းပဘဲ ဒေသအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ တောင်ကြီးတွင် ကျင်းပမည်

ရှမ်းအမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ မကျင်းပဘဲ ဒေသအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ တောင်ကြီးတွင် ကျင်းပမည်
ဓာတ်ပုံ စိုင်းလွိုင်ခမ်းပန်

ချင်းမိုင်၊ ဧပြီ ၂၂ ။           ။ ရှမ်းပြည်နယ် တောင်ကြီးမြို့တွင် ဒေသအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲကို ဧပြီလ ၂၃ရက်မှ ၂၅ ရက်နေ့များတွင် အစိုးရမှ ဦးစီးကျင်းပမည် ဖြစ်သည်။

သို့သော် လူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ မကျင်းပနိုင်သေးသဖြင့် အဆိုပါ တက်ရောက်မည့် ရှမ်းလူမျိုးများအနေဖြင့် အခက်အခဲ ရှိမည် ဖြစ်ကြောင်း RCSS မှ ပြောရေးဆိုခွင့်ရှိသူ ဒုဗိုလ်မှူးကြီး စိုင်းငင်းက ပြောသည်။

“သူ့အဆင့်အရဆိုရင် လူမျိုးအလိုက် အရင်လုပ်ရမှာ။ အဲဒါမရဘဲနဲ့ သူတို့ ဒေသအလိုက် ဆွေးနွေးပွဲကို အစိုးရက ဦးစီးပြီးတော့ လုပ်မယ်ဆိုတဲ့ သဘောမျိုးနဲ့ လုပ်နေတာ။ အဆင့်ကျော်သွားတာပေါ့။ အခုက ရှမ်းတွေ စုစည်းပြီးထွက်လာတဲ့ အသံက မရှိသေးဘူး။ တရားဝင် မလုပ်ရသေးဘူး။ အဲဒါကြောင့် အဲဒီဆွေးနွေးပွဲမှာ ကျနော်တို့ရှမ်းတွေ သွားတက်တဲ့အခါမှာ နည်းနည်းအခက်အခဲရှိမယ်။ ဘာပြောကြမလဲဆိုတဲ့ဟာ အဲဒီတချက်ပေါ့”ဟု ဒုဗိုလ်မှူးကြီး စိုင်းငင်က မဇ္စျိမကို ပြောသည်။

ယခု အစိုးရက ဦးစီးကျင်းပမည့် ဒေသအလိုက် အမျိုးသားအဆင့် ဆွေးနွေးပွဲတွင် အစိုးရ၊ လွတ်တော်၊ တပ်မတော်၊ နိုင်ငံရေးပါတီများ၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ၊ အရပ်ဘက် အဖွဲ့အစည်းများ၊ တခြား ပါဝင်သင့်ပါဝင်ထိုက်သူများ ပါဝင်ရမည် ဖြစ်ကြောင်း သိရသည်။

ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ (RCSS) ကိုလည်း ၎င်း​ဆွေးနွေးပွဲ တက်ရောက်ရန် ဧပြီလ ၁၉ ရက်နေ့က ဖိတ်စာ ပေးပို့ထားသေ်ာလည်း ထိုဆွေးနွေးပွဲသို့ တက်ရောက်၊ မတက်ရောက် မဆုံးဖြတ်ရသေးသလို၊ ဆွေးနွေးပွဲသို့ တင်ပြမည့်အချက်များကို ရှမ်းအဖွဲ့အစည်းများအကြား ဆွေးနွေးညှိနှိုင်းနေဆဲ ဖြစ်သည်ဟု ဒုဗိုလ်မှူးကြီး စိုင်းငင်းက ပြောသည်။

“ကျနော်တို့ RCSSသွားမယ်ဆိုရင် ကျနော်တို့ရဲ့ သဘောထားဘဲ ဖြစ်မယ်။ ရှမ်းတွေအားလုံးရဲ့ ဆန္ဒကို ထင်ဟပ်စေတဲ့ စာတမ်း မတင်နိုင်သေးဘူး။ ဘာလို့လဲဆိုတော့ ကျနော်တို့က ရှမ်းလူမျိုးအလိုက်ဆွေးနွေးပွဲ့မရသေးဘူး။ အဲဒီစာတမ်းထွက်လာမှဘဲ ကျနော်တို့ ၂၁ ရာစုပင်လုံ ညီလာခံ ဒုတိယအကြိမ်မှာ အဲဒါကို သယ်ပြီးတော့ ဆွေးနွေးရမှာကိုး”ဟု သူက ဆက်ပြောသည်။

အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ လုပ်ငန်းလမ်းညွန်ချက်အရ လူမျိုးအလိုက် အမျိုးသားအဆင့် နို်ငံရေးဆွေးနွေးပွဲ၊ ဒေသအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲနှင့် အကြောင်းအရာအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ဟူ၍ အဆင့်သုံးခုရှိရာ RCSS မှ တောင်ကြီးမြို့တွင် ရှမ်းလူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပရန် တောင်းဆိုထားမှု ယနေ့ထိ ခွင့်ပြုချက်မရသဖြင့် ကျင်းပနိုင်ခြင်း မရှိသေးကြောင်း သူက ပြောသည်။

ယနေ့ထိ ရှမ်းလူမျိုးများအားလုံး စုစည်း၍ နိုင်ငံရေး၊ စီးပွားရေး၊ လုံခြံုရေး၊ မြေယာနှင့် သဘောဝ ပတ်ဝန်းကျင် စသည့် ခေါင်းစဉ်များမှ ရှမ်းလူမျိုးများ၏ စာတမ်းထွက်မလာသေးသဖြင့် လာမည့် ဒုတိယအကြိမ် ၂၁ ရာစုပင်လုံ ညီလာခံ တက်ရောက်ရေးသည်လည်း အဓိက ဖြစ်နေသည်ဟု သူက ပြောသည်။

“ရှမ်းတွေ အသံက ထွက်မလာသေးဘူး။ ဒါကြောင့် ကျနော်တို့ ပြောထားတာ ရှမ်းလူမျိုးအလိုက် နိုင်ငံရေးဆွေးနွေးပွဲ မလုပ်ဘဲနဲ့ ၂၁ ရာစု ပင်လုံ ညီလာခံကို သွားတက်ဖို့ဆိုတာ ဘာကို ကိုင်ပြီးသွားတက်ကြမလဲ။ အဲဒါကြောင့် ကျနော်တို့ ဒုတိယအကြိမ် ညီလာခံ တက်ဖို့ အခက်အခဲရှိတဲ့အကြောင်း ကျနော်တို့ပြောထားတာရှိတယ်”ဟု ဒုဗိုလ်မှူးကြီး စိုင်ငင်းက ပြောသည်။

ထို့ကြောင့် လာမည့် ဧပြီလ ၂၄ ရက်နေ့တွင် နေပြည်တော်တွင် JICM အစည်းအဝေးတွင် လူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပနိုင်ရေးနှင့် ပတ်သက်၍ ထပ်မံ တင်ပြဆွေးနွေးသွားမည် ဖြစ်ကြောင်း သူက ပြောသည်။

ရှမ်းအမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပရန်အတွက် တောင်ကြီးမြို့တွင် ကျင်းပရန် တောင်းဆိုထားသော်လည်း အာဏာပိုင်များဘက်မှ RCSS ထိန်းချုပ်နယ်မြေ မိုင်းပန် သို့မဟုတ် မုံးထမြို့ စသည့် ဒေသများတွင် ကျင်းပရန် ပြောခဲ့သည်။ ၎င်း​ဒေသသည် ဆွေးနွေးပွဲ တက်ရောက်ရန်အတွက် သွားလာရေး ခက်ခဲကြောင်း RCSS က ပြောဆိုထားသည်။

RCSS နှင့်အတူ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးထားသော ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ချင်းအမျိုးသားတပ်ဦး (CNF)နှင့် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) တို့ကမူ လူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲများ ကျငး်ပခဲ့ပြီး ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly