ဒေါ့မွန်အသင်း ဘတ်စ်ကားကို ဗုံးခွဲတိုက်ခိုက်ခဲ့တဲ့ အမျိုးသားကို ဖမ်းမိ

ဒေါ့မွန်အသင်း ဘတ်စ်ကားကို ဗုံးခွဲတိုက်ခိုက်ခဲ့တဲ့ အမျိုးသားကို ဖမ်းမိ

ဧပြီ ၂၂ ။            ။ ဒေါ့မွန်ဘောလုံးအသင်းက အသင်းသားတွေ လိုက်ပါလာတဲ့ ဘတ်စ်ကားကို ဗုံးခွဲတိုက်ခိုက်ခဲ့တယ်လို့ ယူဆရတဲ့ သံသယရှိအမျိုးသားတစ်ဦးကို ဖမ်းဆီးရမိပြီ ဖြစ်ကြောင်း ဂျာမန် အစိုးရရှေ့နေရုံးက ထုတ်ပြန်ပါတယ်။

အဆိုပါ သံသယရှိ ဗုံးခွဲတိုက်ခိုက်သူ အမျိုးသားဟာ အသက် ၂၈ နှစ်ရှိ Sergej W ဆိုသူဖြစ်တယ်လို့ ဆိုပါတယ်။  ၎င်းဟာ ပြီးခဲ့တဲ့ ဧပြီ ၁၁ ရက် ဒေါ့မွန်အသင်း ရှယ်ယာတစ်ချို့ကို ၀ယ်ယူထားခဲ့သူလို့ သိရပြီး ယင်းတိုက်ခိုက်မှုကနေတဆင့် ရှယ်ယာတန်ဖိုးအပြောင်းအလဲဖြစ်ကာ ၎င်းရဲ့ရင်းနှီးမြုှပ်နှံမှုကနေ အမြတ်အစွန်းရရှိဖို့ ကြံရွယ်ခဲ့သူဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

၎င်းအမျိုးသားဟာ ဧပြီ ၁၁ ရက်မှာ ဘတ်စ်ကားအနီး ပေါက်ကွဲစေတတ်တဲ့ ပစ္စည်းသုံးခုကို ဖောက်ခွဲခဲ့တာကြောင့် နှစ်ဦး ဒဏ်ရာရခဲ့ပါတယ်။

ယင်းနေ့မှာဆိုရင် ဒေါ့မွန်အသင်းဟာ ချန်ပီယံလိဂ် ပွဲစဉ်တစ်ပွဲအဖြစ် မိုနာကိုအသင်းနဲ့ ကစားဖို့ ကွင်းသို့လာရောက်ချိန်မှာပဲ ယင်းပေါက်ကွဲမှုနဲ့ ကြံုတွေ့ခဲ့ရတာဖြစ်ပါတယ်။ အဆိုပါဖြစ်စဉ်ကြောင့် မိုနာကိုနဲ့ ပွဲကို တစ်ရက်ရွှေ့ဆိုင်းပြီးမှ ကစားခဲ့ရတယ်လို့လည်း သိရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly