မြေယာပြဿနာများ ဖြေရှင်းပေးရန် ကြေးစင်တောင်ဒေသခံများ စစ်ကိုင်းတိုင်းအစိုးရရုံးရှေ့ တောင်းဆိုမည်

မြေယာပြဿနာများ ဖြေရှင်းပေးရန် ကြေးစင်တောင်ဒေသခံများ စစ်ကိုင်းတိုင်းအစိုးရရုံးရှေ့ တောင်းဆိုမည်
ဓါတ်ပုံ-Tint Aung Soe

မုံရွာ၊ ဧပြီ ၂၂။          ။ ချင်းတွင်းမြစ် အနောက်ဘက်ကမ်း စံပယ်တောင်၊ ကြေးစင်တောင် ဒေသခံများမှ လယ်ယာမြေပြသနာများဖြေရှင်းပေးရန်အတွက် ဧပြီလ ၂၆ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး အစိုးရရုံးရှေ့တွင် တောင်းဆိုသွားမည်ဖြစ်ကြောင်း သိရသည်။

ကြေးစင်တောင်ဒေသခံများမှ သိမ်းဆည်းခံထားရသော မြေယာပြဿနာများ ဖြေရှင်းပေးရန်အတွက် အကြိမ်ကြိမ်တောင်းဆိုခဲ့သော်လည်း တိုင်းဒေသကြီးအစိုးရမှ ဖြေရှင်းပေးခြင်းမရှိသည့်အတွက် ယင်းသို့ ဆန္ဒပြရန်စီစဉ်ခဲ့ခြင်းဖြစ်ကြောင်း ဆန္ဒပြပွဲ ဦးဆောင်သူ ကိုတင့်အောင်စိုးက မဇ္ဈိမသို့ ပြောသည်။

ကြေးစင်တောင်ဒေသခံများသည် အစိုးရနှင့် မကြာခဏ တွေ့ဆုံညှိနှိုင်းခဲ့သော်လည်း ဒေသခံများ၏ အခက်အခဲ များအား ဖြေရှင်းပေးနိုင်ခြင်းမရှိခဲ့ဘဲ ကုမ္ပဏီ၏ အခက်အခဲများကိုသာ   ဖြေရှင်းပေးနေကြောင်း ၄င်းက ဆက်လက်ပြောကြားသည်။

"အစိုးရက ပြည်သူ့အတွက်ကျ လုပ်ပိုင်ခွင့် မရှိဘူး၊ ကုမ္ပဏီအတွက်ကျ လုပ်ပိုင်ခွင့်ရှိတယ် ဆိုတဲ့ အနေအထား ဖြစ်နေတယ်" ဟု ကိုတင့်အောင်စိုးက ပြောသည်။

အဆိုပါဆန္ဒပြပွဲတွင် "မြေယာပြသနာများဖြေရှင်းပေးရေး"၊ "ဒေသခံအလုပ်သမားများအား ပါမစ်ချထားပေးရေး"၊ "သဘာဝပတ်ဝန်းကျင်ထိခိုက်မှုဖြေရှင်းပေးရေး"၊  "ဒေသဖွံ့ဖြိုးရေးအတွက် အကျိုးအမြတ် ၂ ရာခိုင်နှုန်းရရှိရေး" စသည့် အချက် ၄ ချက်အား တောင်းဆိုသွားမည်ဖြစ်ကြောင်း သိရသည်။

ကြေးစင်တောင်ဒေသခံများသည် တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် တွေ့ဆုံညှိနှိုင်းမှုများ အကြိမ်ကြိမ် ပြုလုပ်ခဲ့ပြီး ဇန်နဝါရီ ၂၈ ရက်က ယင်းမာပင်ခရိုင် အုပ်ချုပ်ရေးမှူးရုံးတွင်  နောက်ဆုံးအကြိမ်အဖြစ်   တွေ့ဆုံခဲ့ကြောင်း သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly