ငွေကြေးကဏ္ဍ တိုးတက်ရေးစီမံကိန်းအတွက် ကမ္ဘာ့ဘဏ်မှ ကန်ဒေါ်လာ သန်း ၁ဝဝ ချေးမည်

ငွေကြေးကဏ္ဍ တိုးတက်ရေးစီမံကိန်းအတွက် ကမ္ဘာ့ဘဏ်မှ ကန်ဒေါ်လာ သန်း ၁ဝဝ ချေးမည်
ရန်ကုန်မြို့ရှိ နိုင်ငံတော် ဗဟိုဘဏ် (ရန်ကုန်) ရုံးချုပ်ကို တွေ့ရစဉ်။ ဓာတ်ပုံ-မဇ္ဈိမ

ရန်ကုန်၊ ဧပြီ ၂၂ ။          ။ မြန်မာနိုင်ငံ ငွေရေးကြေးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းအတွက် ကမ္ဘာ့ဘဏ်မှ ကန်ဒေါ်လာ သန်း ၁ဝဝနှင့်ညီမျှသည့်ငွေကို နှစ်ရှည်ချေးရန် နေပြည်တော်တွင် လက်မှတ်ရေးထိုးခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနမှ ဧပြီလ ၂၁ရက်တွင် ထုတ်ပြန်သည်။

အတိုးနှုန်း သက်သာသည့် နှစ်ရှည်ချေးငွေ အမေရိ ကန်ဒေါ်လာ သန်း ၁ဝဝ နှင့် ညီမျှသော SDR ရ၁ ဒသမ ရဝဝ သန်း အတွက် ဧပြီ ၁၁ ရက်က နေပြည်တော်ရှိ Kempiski Hotel တွင် ချေးငွေစာချုပ် လက်မှတ်ရေးထိုးခဲ့ခြင်း ဖြစ်သည်။ ယင်းစီမံကိန်းကို စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်တို့မှ အကောင်အထည် ဖော်ဆောင်ရွက်မည် ဖြစ်ကြောင်းသိရသည်။

ချေးငွေအား ပြည်ထောင်စုလွှတ်တော်က အတည်ပြုထားပြီး ဝန်ဆောင်ခ တစ်နှစ်လျှင် သုည ဒသမ ရ၅ ရာခိုင်နှုန်း၊ ဆိုင်းငံ့ကာလ ခြောက်နှစ် နှင့် ပြန်ဆပ်ကာလ ၃၂ နှစ်ထိ စုစုပေါင်း ချေးငွေသက်တမ်း ၃၈ နှစ် ဖြစ်သည်ဟု ဖော်ပြထားသည်။

ငွေချေးစာချုပ်ကို ကမ္ဘာ့ဘဏ်ကိုယ်စား Country Director ဖြစ်သူ Mr. Ulrich Zachau နှင့် မြန်မာနိုင်ငံအစိုးရကိုယ်စား စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဌာန၊  ငွေတိုက်ဦးစီးဌာန  ညွှန်ကြားရေးမှူးချုပ်   ဒေါ်နွဲ့နွဲ့ဝင်းတို့ကလည်းကောင်း ၊ ထပ်ဆင့်ချေးငွေ စာချုပ်ကို စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ငွေတိုက်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်  ဒေါ်နွဲ့နွဲ့ဝင်းနှင့် မြန်မာနိုင်ငံတော် ဗဟိုဘဏ်   ညွှန်ကြားရေးမှူးချုပ် ဒေါ်သန်းသန်းဆွေတို့က လက်မှတ်ရေးထိုးခဲ့ကြသည်။

မြန်မာနိုင်ငံ ငွေရေးကြေးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း အတွက် သဘောတူညီချက်ကို ကမ္ဘာ့ဘဏ်ကိုယ်စား Country Director ဖြစ်သူ Mr. Ulrich Zachau နှင့် မြန်မာနိုင်ငံတော် ဗဟိုဘဏ်ကိုယ်စား မြန်မာနိုင်ငံတော် ဗဟိုဘဏ် ညွှန်ကြားရေးမှူးချုပ် ဒေါ်သန်းသန်းဆွေတို့က လက်မှတ်ရေးထိုးခဲ့ကြသည်ဟု ပြန်ကြားရေးဝန်ကြီးဌာန ဧပြီ ၂၁ ရက်က ထုတ်ပြန်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required